ဒလ ဇန်နဝါရီ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်များမီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က စက်မြေရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးအောင်ဇင်ဖြိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်များ၊ ရေပုံးများ၊ မီးသတ်ဆေးဗူးစသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအား အဆင်သင့်ထားရှိရေး၊ နေအိမ်များတွင် လောင်စာဆီများသိုလှောင်ထားခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသည့် ဟောင်းနွမ်းနေသော လျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများအား အသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်း၊ မီးကျန်များအား စနစ်တကျမီးငြိမ်းသတ်ကြရန်နှင့် မတော်တဆ မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်ဆောင်ရွက်ပေးကြရန်စသည်တို့ကို စစ်ဆေးအကြံပြုလမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ကျန်ရှိနေသောရပ်ကွက်/ကျေးရွာများသို့လည်း နေအိမ်များမီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားဖြစ်ကြောင်း သတင်းရရှိသည်။
မြင့်ဇော်(ပြန်/ဆက်)