သံဖြူဇရပ်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်း ဆောင်ရွက်

သံဖြူဇရပ် ဇန်နဝါရီ ၃၀

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌  ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ အဆောက်အအုံ စာရင်းတင်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းမှ စတင်ကာ ရပ်ကွက် (၁၆) ခုတွင် ဆက်လက်ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် အဆောက်အဦးများ၏ တည်နေရာ၊ အရေအတွက်၊ အမျိုးအစား၊ အသုံးပြုမှုနှင့် လူနေထိုင်သော အိမ်ထောင်စုအရေအတွက်တို့ကို မှတ်တမ်းတင်သိရှိနိုင်ရန် Mobile Tablet အသုံးပြု၍ အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် စာရေးဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအဆောက်အအုံ စာရင်းတင်ခြင်းလုပ်ငန်းကို သံဖြူဇရပ်မြို့နယ်အနေဖြင့် ဇန်နဝါရီ (၂၂) ရက်နေ့မှ မတ်လကုန်အထိ ကောက်ကွက်ပေါင်း (၆၇) ကွက်အား ကောက်ယူသွားမည်ဖြစ်ရာ ဇန်နဝါရီ ၂၉ ရက်နေ့အထိ ကောက်ကွက် (၈) ကွက်မှ အိမ်ခြေအဆောက်အအုံများအား ကောက်ယူခဲ့ပြီးဖြစ်ကြောင်း လူဝင်မှုကြီးလူကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)