ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ကျောင်းအခြေပြု ဆုံဆို့မေးခိုင်‌ရောဂါကာကွယ်ဆေးထိုးနှံ

ဒဂုံတောင် ဇန်နဝါရီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ စာသင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ထိခိုက်ရှနာဖြစ်ပွားရာမှ မေးခိုင်ရောဂါဖြစ်ပွားခြင်း ကာကွယ်နိုင်ရန်၊ ကျောင်းအခြေပြု ဆုံဆို့မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် အသက် ၅ နှစ်ပြည့်ပြီး ၇ နှစ်ထက်မကျော်သော ကလေးငယ်များအား ထိုးနှံပေးခြင်းဖြစ်ပြီး ကျောင်းအခြေပြုတွင် အခြေခံပညာကျောင်းများတွင် ကျန်မာရေးဝန်ထမ်းများက သွားရောက်ထိုးနှံပေးခြင်းဖြစ်ပြီး ဇန်နဝါရီလကုန်အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ (၂၇၂၃) ဦးအား ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ဆရာ၊ ဆရာမများနှင့် ရပ်ကွက်တာဝန်ရှိသူများမှ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြောင်း သိရသည်။

သန်းသန်းအေး