ပင်းတယမြို့နယ်၌ ချယ်ရီပန်းများ ဝေဆာဖူးပွင့်လျက်ရှိ

ပင်းတယ ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အပြင့် (၃၈၈၀)ပေ၌ တည်ရှိပြီး ရာသီဥတုကောင်းမွန်ကာ သန့်ရှင်းသာယာလှပသည့် မြို့တစ်မြို့ဖြစ်ပါသည်။ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ပထမအပတ်မှစတင်၍ ပင်းတယမြို့ပေါ်နှင့်ဘေးပတ်ဝန်းကျင်များတွင် ချယ်ရီပန်းများ စတင်ဖူးပွင့်လျက်ရှိကြောင်း သိရသည်။

ချယ်ရီပန်းများသည် ပင်လယ်ရေမျက်နှာပြင်အပြင့်ပေ (၃၀၀၀)နှင့်(၄၀၀၀)အထက်တွင် တည်ရှိသော တောင်ပေါ်ဒေသများတွင် ပေါက်ရောက်ရှင်သန်ကြပြီး အေးမြသည့်ရာသီဥတုကို ကြိုက်နှစ်သက်သည့် ပန်းတစ်မျိုးဖြစ်ပါသည်။ ချယ်ရီပန်းပွင့်၏ပုံသဏ္ဍန်သည် ပွင့်ချပ်ငါးချပ် (သို့မဟုတ်)ပွင့်ချပ်ခြောက်ချပ်ပါရှိပြီး အပွင့်၏အလယ်၌ ဝတ်ဆံများပါရှိပါသည်။ ပန်းပွင့်၏ အရောင်အဆင်းမှာ အပန်းဖျော့၊ အပန်းရောင်နှင့်အဖြူရောင်များဖြစ်ကြပြီး ရနံ့မရှိသည့် ပန်းတစ်မျိုးဖြစ်ကြောင်းနှင့် ချယ်ရီပန်းသည် ဖေဖော်ဝါရီလနှင့် ဇန်နဝါရီလအတွင်း၌ ဖူးပွင့်ကြပြီး ချယ်ရီပန်းကို ချစ်မြတ်နိုးကြသူများက ချယ်ရီပန်းဖူးပွင့်ရာအရပ်သို့ သွားရောက်လည်ပတ်ကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးလျက်ရှိကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)