တောင်သာ ဇန်နဝါရီ ၃၀
တောင်သာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဇဂျမ်းအုပ်စု၊ ကြည်အိုင်ကန်တောတိုက်၌ စက်ရေတွင်း တူးဖော်အောင်မြင်ခဲ့သဖြင့် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် ရေစက်ရုံနှင့် အမြင့်တင်ရေစင် ထပ်မံဆောင်ရွက်လျက်ရှိရာ ယမန်နေ့က တာဝန်ရှိသူများ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့်ဝန်ထမ်းများက စက်ရေတွင်းမှ ပြည်သူများ ရေခပ်ယူသုံးစွဲနေမှု၊ ရေစက်ရုံတည် ဆောက်ပြီးစီးမှုနှင့် အမြင့်တင်ရေစင်ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကြည်အိုင်ကန်တောတိုက် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို VDP စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၅၀၊ ပြည်သူလူထုထည့်ဝင်ငွေ ၄၁.၇ သိန်းတို့ဖြင့် တူးဖော်အောင်မြင်ခဲ့ပြီး ဆက်စပ်လုပ်ငန်းများဖြစ်သော ရေစက်ရုံအတွက် အလှူရှင်တစ်ဦး၊ အမြင့်တင်ရေစင်အတွက် အလှူရှင်တစ်ဦးတို့၏ ပြည်သူပူးပေါင်းပါဝင်မှုဖြင့် ဦးစီးဌာနမှ နည်းပညာအကူအညီရယူကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)