တောင်ဥက္ကလာပ ဇန်နဝါရီ ၃၀
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးနှိုးဆောင်ခြင်းကို ယမန်နေ့ညနေ ၅း၃၀ အချိန်မှစ၍ လိုက်လံနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် တောင်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှုး ဦးဇင်မင်း ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် အသက်အိုးအိမ်စည်းစိမ်များဆုံးရှုံးမှု မရှိစေရေးအတွက် မိမိတို့နေအိမ်တွင် လူစောင့်မရှိဘဲ မီးဖိုများ အသုံးမပြုကြရန်၊ မီးဘေးလုံခြုံရေးအတွက် ထမင်းဟင်းများ ချက်ပြုတ်သုံးစွဲပြီးပါက မီးကြွင်းမီးကျန်များ မထားကြရန်၊ မီးလောင်လွယ်သော ဓာတ်ငွေ့နှင့် သိုလှောင်ဆီများကို တရားမဝင်သိုလှောင်ရောင်းချခြင်း မပြုလုပ်ကြရန်၊ လျှပ်စစ်မီး၊ ဓာတ်ငွေ့မီးများနှင့် ချက်ပြုတ်သုံးစွဲပြီး လုပ်ငန်းများလုပ်ကိုင်ပြီးပါက ခလုတ်များ ပိတ်ထားကြရမည်ကို သတိပြုကြရန်၊ ခြင်ဆေးခွေ၊ ဖယောင်းတိုင်၊ အမွှေးတိုင်မီးများကို သေချာစွာ ငြှိမ်းသတ်ပြီး မှအိပ်ကြရန်၊ မီးသတ်ဆေးဘူးများထားရှိရန်၊ မီးချိတ်၊ မီးကတ်၊ ရေပုံး၊ သဲပုံးများထားရှိရန်နှင့် မီးလောင်မှုဖြစ်ပွားပါက အချိန်မီသတင်းပေးပို့ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့် အချက်များအား လိုက်လံနှိုးဆော်ပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းနိုးဆော်ခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လိုက်လံနိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)