မြစ်သား အောက်တိုဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံရွေးကောက်ပွဲအတွက် အသက် (၆၀)နှစ်အထက် ကြိုတင်ဆန္ဒမဲပေးခွင့် ရှိသူများကို ယမန်နေ့နံနက်ပိုင်းက စတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြိုတင်မဲများ ပေးနေပြီဖြစ်ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ကြိုတင် ဆန္ဒမဲများကို မဲဆန္ဒနယ်အတွင်း ရှိနေသော်လည်း အကြောင်း အမျိုးမျိုးကြောင့် မဲရုံသို့ကိုယ်တိုင် လာရောက် ဆန္ဒမဲမပေးနိုင်သည့်အသက် (၆၀)နှစ် အထက် သက်ကြီး ဘိုးဘွားများ ၊ နိုင်ငံ့တာဝန်ဖြင့် မဲဆန္ဒနယ်ကျော်လွန်၍ ခရီးသွားမည့်နိုင်ငံ့ဝန်ထမ်းများ၊ ရွေးကောက် ပွဲတာဝန်ထမ်းဆောင်မည့် သူများ အတွက် အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်၍ နိုဝင်ဘာ ၇ ရက်နေ့ အထိကြိုတင်ဆန္ဒမဲများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှာ ကြိုတင်မဲပေးနိုင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ထားကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ(၉၂)အုပ်စု၊ မဲရုံ(၂၀၀)ရုံ ရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ (၁၅၈၄၉၃) ဦးရှိသည့်အနက် အသက်(၆၀)နှစ်အထက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ(၂၂၈၃၄၀)ဦးပါဝင်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ်ယဉ်မွန်ဖိုးထံမှ သိရသည်။
မြမြမွန်(ပြန်/ဆက်)