လားရှိုးမြို့တွင် ဆောင်းတွင်းကာလအတွင်း ရှမ်းရိုးရာအစားအစာ နှမ်းထောင်းခေါပုတ်များ ရောင်းအားကောင်းလျက်ရှိ

လားရှိုး ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးဒေသထွက် ရှမ်းရိုးရာ နှမ်းထောင်းခေါပုတ်များ ဈေးကွက်အတွင်း ရောင်းအားကောင်းလျက်ရှိနေကြောင်း သိရသည်။

ယခုနှစ်တွင် ရှမ်းခေါပုတ်တစ်ပိဿာလျှင် တစ်သောင်းလေးထောင်ကျပ်အထိ ဈေးရရှိနေပြီး ဝယ်ယူကြသူများအနေဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့များမှလည်း မှာယူသူများရှိကြောင်း သိရသည်။

“ဒီတစ်နှစ်က ကားလမ်းခရီးက နည်းနည်းခက်တော့ နယ်ဝေးကနေ မှာယူတဲ့သူက   အရင်နှစ်ကလောက်တော့ မများဘူး။ ရှိတော့ရှိတယ်။ ဒီမြို့ကနေလည်း နိုင်ငံခြားထိပို့ဖို့ မှာယူသူတွေရှိတယ်။ အဲ့ဒီလိုမျိုးဆိုရင် ကြာကြာခံအောင် လေလုံတဲ့ အိတ်နဲ့ပိတ်ပြီး သေချာထုပ်ပိုးပေးတယ်။ ဟိုရောက်လို့ရှိရင် ရေခဲသေတ္တာထဲထည့်ထားပြီး ကိုယ်စားချင်တဲ့နေ့ရောက်မှ ဖောက်စားလို့ရတယ်”ဟု ခေါပုတ်ရောင်းချသူတစ်ဦးက ဆိုသည်။

ခေါပုတ်ကို ချမ်းအေးလှသည့် ဆောင်းတွင်းကာလများတွင်သာ ပြုလုပ်ရောင်းချမှုများပြီး စားသုံးသူများလည်း များပြားကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)