အလုံ ဇန်နဝါရီလ ၃၀
ပူပြင်းခြောက်သွေ့သော ရာသီရောက်ရှိပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်နှင့် မီးလောင်၊ မီးလန့်မှုမဖြစ်ပွားစေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသတိပေးနှိုးဆော်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် ယနေ့ည ၇ နာရီက ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အလုံမြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးထက်မျိုးလှိုင် ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် (၄) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂) ဦးတို့က မြို့နယ်အတွင်းရှိ လမ်းမကြီးများ၊ လမ်းသွယ်များအတွင်း မီးသတ်မော်တော်ယာဥ်ဖြင့် လှည့်လည်ကာ မီးဘေးအန္တရာယ်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်များကို နှိုးဆော်ခဲ့သည်။
အဆိုပါ မီးသတိပေးနှိုးဆော်စာတွင် ရပ်ကွက်အတွင်းနေထိုင်ကြစသာ မိဘပြည်သူများအနေဖြင့် လူစောင့်မရှိဘဲ မည်သည့်မီးကိုမျှ အသုံးမပြုရန်၊ ချက်ပြုတ်သုံးစွဲပြီးပါက မီးကြွင်းမီးကျန်များ မထားရန် လူစောင့်မရှိပါက မိန်းခလုတ်များကို သေချာစွာချထားခဲ့ရန်၊ ညအိပ်ယာဝင်ချိန်တွင် ခြင်ဆေးခွေ၊ ဖယောင်းတိုင်၊ အမွှေးတိုင်များကို သေချာစွာငြိမ်းသတ်ပြီးမှ အိပ်စက်ရန်၊ မိမိတို့နေအိမ်နှင့် .ဌာနဆိုင်ရာ အဆောက်အဦးတိုင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းဖြစ်သော ခိုင်ခန့်သည့်မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများကို ယူရလွယ်ကူသောနေရာများတွင် ထားရှိရန်၊ မီးလောင်မှုဖြစ်ပွားပေါ်ပေါက်လာပါက ကြိတ်၍ မငြိမ်းသတ်ဘဲ ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခံခြင်းနှင့် မီးသတ်အရေးပေါ်ဖုန်းနံပါတ်များကို ဆက်သွယ်အသိပေးကြရန် စသည်ဖြင့် သတိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
တင်တင်ချို (ပြန်/ဆက်)