ပျော်ဘွယ်မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် လိုက်လံအသိပေးနှိုးဆော်

ပျော်ဘွယ် ဇန်နဝါရီ ၃၀

ပျော်ဘွယ်မြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ ၅ နာရီက ရပ်ကွက်များအတွင်းသို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းရှိနေအိမ်များ၌ မီးချိတ်၊ မီးကပ်၊ ရေ၊ သဲ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ဖယောင်းတိုင်၊ ခြင်ဆေး၊ မီးဖိုများအား စနစ်တကျ ငြှိမ်းသတ်ပြီးမှ အိပ်ကြရန်၊ လျှပ်စစ်မီးအား သတိထားကိုင်တွယ်ကြရန်၊ တရားမဝင်လောင်စာဆီများသိုလှောင်ခြင်း၊ ရောင်းချခြင်းတို့မပြုလုပ်ကြရန်၊ လမ်းသွားရင်း ဆေးလိပ်သောက်သုံးသည့် အလေ့အကျင့်ကိုရှောင်ကြဉ်ရန်၊ မိမိနေအိမ်နှင့်ပတ်ဝန်းကျင်သန့်ရှင်းမှုရှိရန်၊ မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီသတင်းပေးပို့နိုင်ကြောင်းတို့ကို အသိပေးနှိုးဆော်ခဲ့ကြသည်။

ထို့အပြင် မြို့ပေါ်ရပ်ကွက်များသာမက ကျေးရွာများတွင်လည်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အသိပေးနှိုးဆော်ခြင်းကို သက်ဆိုင်ရာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍လည်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)