ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းလုပ်ငန်းလမ်းညွှန်နှင့် ဆန်းစစ်ပုံစံများအား အသိပေးရှင်းလင်းခြင်း အခမ်းအနားကျင်းပ

ရန်ကုန် ဇန်နဝါရီ ၃၀

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းလုပ်ငန်းလမ်းညွှန်နှင့် ဆန်းစစ်ပုံစံများအား အသိပေးရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာ အမိန့်ပါပြဌာန်းချက်များနှင့် အဆိုပါအမိန့်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် အသုံးပြုမည့်လုပ်ငန်းလမ်းညွှန်တို့ကို ပြန်လည်ဆောင်ရွက်မည့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ နှီးနွယ်ဌာနများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနများမှ တာဝန်ရှိသူများအား အသိပေးရှင်းလင်းပြောကြားခြင်းဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒအရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်ကို (၂၀၂၁) ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့မှာ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြဌာန်းခဲ့ပါကြောင်း စံသတ်မှတ်ချက်များနဲ့အညီ ထုပ်ပိုးခြင်းအတွက် ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံပေါင်း (၂၁) နိုင်ငံတွင် ဥပဒ၊ အမိန့်များထုတ်ပြန်ဆောင်ရွက်နေပြီး အရှေ့တောင်အာရှနိုင်ငံများတွင် စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံပြီးလျှင် မြန်မာနိုင်ငံဟာ တတိယမြောက် အမိန့်စာထုတ်ပြန်ကျင့်သုံးတဲ့ နိုင်ငံဖြစ်ပါကြောင်း၊ ထုတ်ပြန်ထားသောအမိန့်၊ ကြော်ငြာစာများကို လုပ်ငန်းရှင်များမှ လိုက်နာနိုင်ရေးနှင့် ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်းများကြောင့် ပြည်သူလူထု၏ ကျန်းမာရေးထိခိုက်မှုပြဿနာများ လျှော့ချနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးလွင်မှ Tobacco Legislation နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မကူးစက်) ဒေါက်တာသီတာဝင်းမှ မြန်မာနိုင်ငံ၏ မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားသေဆုံးမှုအခြေအနေအား တင်ပြပြီးနောက် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးသည်။

ဆက်လက်၍ အမိန့်စာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းလမ်းညွှန်ချက်များ၊ မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲမှ လုပ်ငန်းလမ်းညွှန်ချက်များ၊ အမိန့်စာပါပြဌာန်းချက်များ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်နှင့် စီးကရက်၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ် ထုတ်ပိုးမှုပုံစံများအား ပြည်သူကျန်းရေးဦးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းခဲ့ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)