မတ္တရာ ဇန်နဝါရီ ၃၀
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အမှတ်၂ ရပ်ကွက်မြို့သစ်ရပ်ရှိ ငြိမ်းချမ်းရိပ်မြုံဘုန်းတော်ကြီးကျောင်း၌ ယာယီတည်းခိုနေကြသော မိုးမိတ်မြို့နယ်မှ ယာယီနေရပ်စွန့်ခွာပြည်သူများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဦးဆောင်သောအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများကို ယမန်နေ့ညနေ့ ၃ နာရီအချိန်က အဆိုပါ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်အောင်ကျော်တို့မှ ယာယီနေရပ်စွန့်ခွာပြည်သူများအား အားပေးစကားများပြောကြားခဲ့ပြီး ဆန်၊ ဆီ၊ ဆေးစိမ်ခြင်ထောင်များ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ ဆပ်ပြာများ၊ လက်သန့်ဆေးများနှင့်မုန့်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်အောင်ကျော်နှင့် ကျန်းမာရေးဝန်ထမ်းများမှ ရောဂါများကို စမ်းသပ်စစ်ဆေးပြီး လိုအပ်သောဆေးဝါးကုသမှုများပေးကာ ဆေးဝါးများကို အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့သည်။
ယာယီနေရပ်စွန့်ခွာပြည်သူများကို အိမ်ထောင်စု ၇ စုမှ လူဦးရေ ၃၆ ဦးတို့တွင် အသက် ၂ နှစ်အောက် ပုံမှန်ကာကွယ်ဆေးများထိုးရန် လိုအပ်သောလသားအရွယ် ကလေးငယ်များပါရှိသည့်အတွက် ကာကွယ်ဆေးများထိုးနှံနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ဆရာဝန်ကြီးတို့မှ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)