တပ်ကုန်း ဇန်နဝါရီ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာ၊ လူထုအခြေပြုခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့ပြီးနောက် ဥတ္တရခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးလွင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ အားဖြည့်မွမ်းမံပြင်ဆင်မည့် ပစ္စည်းများနှင့်ပတ်သက်သည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမော်စိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် လေပြင်းဘေးဒဏ်ခံနိုင်ရေးဆောင်ရွက်ရန် အိမ်ထောင်စု ၈၂ စုအတွက် ၁၂ ပေရှိသည့် သွပ် ၁၁၂ ချပ်၊ ၆ ပေရှိသည့် သွပ် ၂၂၄ ချပ်၊ မျောတိုင် ၇၅ လုံး၊ အလျား ၁၅ပေ၊ အနံ ၆ ပေရှိသည့် ထရံ ၉ လိပ်၊ ဝါးကြီး ၂၁၀ လုံး၊ ဝါးသေး ၈၀ လုံး၊ သွပ်ရိုက်သံ ၁၀ ပိဿာ၊ အိမ်ရိုက်သံ ၅ ပိဿာ၊ သွပ်နန်းကြိုး ၁ ပိဿာ၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၃၅၂၆၀၀၀ အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်