နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်တွင်း/ပြည်ပခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဇန်နဝါရီ ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကို ပြည်တွင်း/ပြည်ပမှ ခရီးသွားများ လာရောက်လည် ပတ်ပြီး ဒေသတွင်းလူမှုစီးပွားရေးလုပ်ငန်းများ တိုးတက်လာစေရေးအတွက် ပြည်တွင်း/ပြည်ပခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ကမ္ဘာလှည့်ခရီးသွားများ ကွပ်ကဲရေးရဲတပ်ဖွဲ့၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း(MEC)မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းသည် နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများများစွာ ပေးအပ်သည့် မီးခိုးမထွက်သော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်အတွက်သာမက နိုင်ငံသားများ အားလုံးအတွက် တိုက်ရိုက်၊ သွယ်ဝိုက်၊ တစ်ဆင့်ခံသော နည်းလမ်းများဖြင့် ဝင်ငွေရရှိရေး ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းကဏ္ဍတစ်ခုလည်းဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းကို ကိုဗစ်-၁၉ ရောဂါကြောင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် သိသာထင်ရှားစွာ အကျိုးသက်ရောက်မှုကို ထိခိုက်ခဲ့ကြောင်း၊ အဆိုပါအခြေအနေကို ကုစားနိုင်ရေးအတွက် ခရီးသွားကဏ္ဍစစ်တမ်းများကောက်ခြင်း၊ ခရီးသွားလုပ်ငန်းနှင့် တိုက်ရိုက်ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်းများ၊ အသေးစား၊ အလတ်စား၊ အငယ်စားလုပ်ငန်းများကို သက်ရောက်သည့်အခြေအနေနှင့် အချက်အလက်များကို သိရှိစေရန် ကုစားနိုင်ရေးအတွက် လိုအပ်သည့်စီမံချက်များ ဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်များနှင့် ဆက်စပ်တာဝန်ထမ်းဆောင်နေသူများအတွက် ကိုဗစ်ချေးငွေများ ထုတ်ပေးခြင်း၊ လိုအပ်သည်များ ကူညီထောက်ပံ့ပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းကို စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော်အတွင်း ယခင်ခရီးသွားများ လည်ပတ်ရာ ခရီးစဉ်ဒေသ ၃၄ ခုရှိရာမှ ခရီးစဉ်ဒေသအသစ် လေးခုထပ်မံ ဖော်ထုတ်နိုင်ခဲ့သည့်အတွက် ယခုခရီးစဉ်ဒေသ ၃၈ နေရာ ဖော်ထုတ်ပြီး လာရောက်လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ခရီးစဉ်နေရာများတွင် သန့်ရှင်းသာယာလှပရေး၊ ခရီးသွားများကို ဆွဲဆောင်မှုရှိစေရေး၊ ကောင်းမွန်သော ဝန်ဆောင်မှုများ ရရှိစေရေးတို့ကို စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ခရီးသွားကဏ္ဍများအတွက် လိုအပ်သော သင်တန်းများကို စဉ်ဆက်မပြတ်ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ပြည်တွင်းပြည်ပခရီးသွားများ ပိုမိုဝင်ရောက်လာစေရေးအတွက် အားလုံးက စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း ပြည်တွင်း/ပြည်ပခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်နေမှုများနှင့် ဆက်လက်ပူးပေါင်းပါဝင်ဆောင်ရွက်မည့် အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)