မိုးညှင်းမြို့နယ်တွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ရေးလုပ်ငန်းစီမံကိန်း (RBF) လုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

မိုးညှင်း ဇန်နဝါရီ ၂၉

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နန့်လှိုင်ကျေးရွာတွင် ယခုဘဏ္ဍာရေးနှစ်၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ရေးလုပ်ငန်းစီမံကိန်း (RBF) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက် (၁၀)နာရီက တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြ ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင့်မျိုးကိုတို့က ကျေးရွာကော်မတီဝင်များနှင့်အတူ ကျေးရွာသူ၊ ကျေးရွာ သားများအား ချေးငွေများဖြင့် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအား လိုက်လံကြည့်ရှုကြရာတွင် တာဝန်ရှိသူ များက ယခုဘဏ္ဍာရေးနှစ်၌ ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေ ထူထောင်ရေးလုပ်ငန်းစီမံကိန်း (RBF)ဖြင့် ဆောင်ရွက်လျက်ရှိသော  အသက်မွေးဝမ်းကျောင်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ချေးငွေရယူသည့်လုပ်ငန်းများကို သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများအတိုင်း အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ ရရှိထားသည့် ရန်ပုံငွေနှင့် အတိုးရငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရန်အတွက် မြို့နယ်ကျေးလက်ဦးစီးဌာနနှင့် ကျေးရွာကော်မတီဝင်များမှ ကြီးကြပ်ဆောင်ရွက်ကြရန်စသည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

နန့်လှိုင်ကျေးရွာ၌ ယခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်စီးပွားမြင့်မားရေး စီမံကိန်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အောင်မြင်မွေးမြူရေးအဖွဲ့နှင့် ပန်းတိုင်မွေးမြူရေးအဖွဲ့မှ အိမ်ထောင်စု (၁၄)စု၊ ကျော်ကြားစိုက်ပျိုးရေးအဖွဲ့နှင့် တိုးတက်စိုက်ပျိုးရေးအဖွဲ့မှ အိမ်ထောင်စု (၁၂)စု စုစုပေါင်း အဖွဲ့လေးဖွဲ့မှ အိမ်ထောင်စု (၂၆)စုတို့ အကောင်အထည်ဖော် ဆောင်ရွက်ပြီး စိုက်ပျိုးရေး အဖွဲ့ နှစ်ဖွဲ့မှ နေကြာစိုက်ပျိုးသည့် ဧက(၅၀)နှင့် မွေးမြူရေးအဖွဲ့ နှစ်ဖွဲ့မှ အသားတိုးဝက်အကောင် (၇၀)မွေးမြူခြင်းတို့ ဆောင်ရွက်လျက်ရှိရာ ယင်းအဖွဲ့တစ်ဖွဲ့လျှင် ထောက်ပံ့ငွေကျပ် (၇၅)သိန်းစီနှုန်း ဖြင့် အဖွဲ့လေးဖွဲ့အတွက် ငွေကျပ်သိန်း (၃၀၀)ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း