တာချီလိတ် ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan)အစီအစဉ်ကို ယနေ့မွန်းလွဲ ၁ နာရီက အ.ထ.က (တာချီလိတ်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ တာချီလိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဒေါ်သန္တာလွင်က ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီအစဉ် လာရောက်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် သရုပ်ပြသခြင်းများ ဆောင်ရွက်ရာတွင် ကလေးသူငယ်များအား မီးလောင်လွယ်သည့်ပစ္စည်းများကို မီးလောင်မှုမဖြစ်ပွားစေရန် ကာကွယ်နည်း၊ မီးလောင်မှုဖြစ်ပွားလျှင် မီးငြိမ်းသတ်ရေးပစ္စည်းများအား ခွဲခွဲခြားခြားသိရှိပြီး မီးသတ်ဆေးဘူးများအား ကိုင်တွယ်အသုံးပြုတတ်စေရန်၊ ထမ်းစင်မရှိသည့်နေရာများတွင် စောင်ကိုအသုံးပြု၍ ထိခိုက်ဒဏ်ရာ ရရှိသောလူနာကို လုံခြုံစွာသယ်ဆောင်တတ်စေရန်၊ အရိုးကျိုးဒဏ်ရာရရှိနေသောလူနာအား ရရာပစ္စည်းနှင့် ရှေးဦးသူနာပြုစုတတ်စေရန်၊ အရေးကြုံသည့်အခါ ကြိုးရှည်အား အချိန်တိုအတွင်း အထုံးများထုံးတတ်စေရန်နှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ကြုံတွေ့နိုင်သည့် အခက်အခဲများကို မိမိတို့ပတ်ဝန်းကျင်ရှိ အရာဝတ္ထုပစ္စည်းကိရိယာများ အသုံးပြု၍ အောင်မြင်စွာ ကျော်ဖြတ်နိုင်စေရန် ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦးအား သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးများကို ဂိမ်းပုံစံကစားနည်း ၁၀ မျိုးဖြင့် သရုပ်ပြသ လေ့ကျင့်သင်ကြားဆောင်ရွက်ပေးခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အ.ထ.က(တာချီလိတ်)မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း(ပြန်/ဆက်)