ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဆတ်မြို့၌ အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင် ဆန္ဒမဲ ပေးနေမှုနှင့် လုံခြုံရေး ဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေး

မိုင်းဆတ်  အောက်တိုဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက် အသက်(၆၀) နှစ်နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနေမှုနှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့နံနက် ၁၁ နာရီက တာဝန်ရှိသူတို့ ကွင်းဆင်းစစ်ဆေးခဲ့ရှိကြောင်း သိရသည်။

အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များ အောက်တိုဘာလ ၂၉ ရက် နံနက် ၉ နာရီမှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအသီးသီးတွင် ကြိုတင်ဆန္ဒမဲ များပေးလျက် ရှိရာ ကျဒယ်၊ မယ်ဆွမ်တောင်၊ မယ်ဆွမ်မြောက်၊ မြို့သစ်၊ ဝိန်းနေ၊ ဝိန်းဝိုင်ရပ်ကွက်နှင့် မယ်နင်ကျေးရွာ အုပ်စုတို့တွင် ကြိုတင်ဆန္ဒမဲပေးနေမှုနှင့် လုံခြုံရေးစီမံဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို  ခရိုင်ရွေး ကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်၊ ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဦးမောင်ချိုနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မိုင်းဆတ်မြို့နယ်တွင် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်(၄၉၇၄)ဦး ရှိပြီး ကြိုတင်ဆန္ဒမဲပေး ခြင်းကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၅ ရက်ထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ အနေဖြင့်  သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကိုယ်တိုင်လာ ရောက် ဆန္ဒမဲပေးနိုင်သောအခြေအနေရှိပါက သွားရောက်၍ ကြိုတင်ဆန္ဒမဲပေးနိုင်ပြီး ကျန်းမာရေးအခြေ အနေအရ ကိုယ်တိုင်သွားရောက်ဆန္ဒမဲပေးရန် အခက်အခဲ ရှိသူများသည် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ အုပ်စုကော်မရှင်အဖွဲခွဲရုံးသို့ သတင်းပေးပို့လျှင် နေအိမ်တွင်ဆန္ဒမဲ ပေးနိုင်ရေး ရပ်ကွက်နှင့်ကျေးရွာအုပ်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများက စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

သန်းဇော်(မိုင်းဆတ်)