မော်လမြိုင် ဇန်နဝါရီ ၂၉
မွန်ပြည်နယ်အနေဖြင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးတို့ကိုဦးတည်၍ ပြည်နယ်အတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)မှ သင်တန်းသား၊ သင်တန်းသူများအား မိသားစုသဖွယ် ချစ်ခင်လေးစားဂုဏ်ပြုသောအားဖြင့် အားကစားနှင့် ကာယပညာသိပ္ပံ(မော်လမြိုင်)၏ အထူးနေ့လယ်စာစားပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မင်းရွာကျေးရွာရှိ အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
ဦးစွာ အခမ်အနားတွင် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) ကျောင်းအကျိုးတော်ဆောင်အဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)မှာ တက်ရောက်လျက်ရှိသည့် သင်တန်းသား/သင်တန်းသူများအနေနှင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် နိုင်ငံတကာ၏အလယ်တွင် အားကစားဖြင့် နိုင်ငံ၏ဂုဏ်ကို မြှင့်တင်ဆောင်ရွက်နိုင်သူများဖြစ်အောင် စိတ်ဓာတ်မြင့်မားစွာထားရှိကြရန်လိုအပ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ တက်ရောက်လျက်ရှိသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း ကောင်းမွန်သည့်အစဉ်အလာရှိသည့် မိမိတို့ကျောင်း၏ဂုဏ်ကို ယခုထက် ပိုမိုမြှင့်တင်နိုင်အောင်သင်ကြားပြသရသော နည်းပြဆရာများအနေဖြင့်လည်း စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ကရုဏာ၊ အကြင်နာဟူသော နာ(၅)နာကို လက်ကိုင်ထား၍မိမိတို့တပည့် သားသမီးများ အစဉ်တိုးတက်ရေးကို ကြိုးစားသွန်သင်လေ့ကျင့် ဆောင်ရွက်ပေးကြရန်နှင့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းတွေ ဖြစ်လာစေရန်အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်ပြီး ကြိုးစားလေ့ကျင့်သင်ယူကြရန်နှင့် ပညာရေးတွင်လည်း ထူးချွန်ထက်မြက်သူများဖြစ်လာစေရန် အပတ်တကုတ် ကြိုးစားသင်ယူကြစေလိုပြီးထူးချွန်သည့် နိုင်ငံ့ဂုဏ်ဆောင်ပညာတတ် အားကစားသမားကောင်းများဖြစ်လာအောင် အစွမ်းကုန်ကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူ၊ သင်တန်းသားများအတွက် ထောက်ပံ့လှူဒါန်း ငွေကျပ်(၅)သိန်းပေးအပ်ခဲ့မှုအပေါ် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) ကျောင်းအုပ်ကြီးမှ လက်ခံရယူပြီး တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများနှင့် နေ့လယ်စာအား ချစ်ကြည်ရင်းနှီးစွာ အတူတကွ သုံးဆောင်ခဲ့သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အားကစားနည်း(၆)နည်း၊ သင်တန်းသား၊ သင်တန်းသူ(၁၁၂)ဦးဖြင့် ကရင်ပြည်နယ်မှ(၁၉)ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ(၁၈)ဦး၊ မွန်ပြည်နယ်မှ(၇၅)ဦးတို့ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)