ကျိုက်မရော ဇန်နဝါရီ ၂၉
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် မုန်လာဥတစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများမိသားစု အပိုဝင်ငွေရရှိကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မုန်လာဥ စိုက်ပျိုးသူများအနေဖြင့် ရာသီအလိုက် နှစ်စဥ်စိုက်ပျိုးလာကြပြီး ယခုနှစ်၌ အသီးအနှံများအထွက်ကောင်းပြီး စျေးကောင်းလည်းရရှိသဖြင့် စိုက်ပျိုးသူ များပြားလာကြောင်းလည်း သိရသည်။
အဆိုပါမုန်လာဥများစိုက်ပျိုးရာတွင် စားသုံးသူများ ဘေးအန္တရာယ်မဖြစ်စေရန် သဘာဝမြေသြဇာကိုသာအသုံးပြု၍ စိုက်ပျိုးကြပြီး မုန်လာပင်များကို နိုဝင်ဘာလ တတိယပတ်တွင် စတင်ပျိုးထောင်ပြီး ၁၅ ရက်သားပြည့်လျှင် သဘာဝမြေသြဇာနှင့်အတူ မြေခံဆေးရောမွှေ၍သုံးရက်ကြာထားရှိပြီး ဥကြီးထွားရှင်သန်နိုင်မည့် ပျိုးပင်များကိုသာ ရွေးချယ်၍ ၄၅ ရက်ကြာစောင့်ဆိုင်းရပြီး အပင်ငယ်လေးများနှင့် မြက်ပင်များကိုနှုတ်ထုတ်ပေးမှသာ ဥကြီးထွားရှင်သန်လာမည်ဖြစ်ကြောင်း မုန်လာဥများတစ်နိုင် တစ်ပိုင်စိုက်ပျိုးပြီး ရောင်းချသည့်ကလိုင်းကနိုင် ကျေးရွာမှတောင်သူ ဒေါ်စိုးစိုးအေးထံမှ သိရသည်။
မုန်လာဥများကို ရက်ပေါင်း ၅၀ ပြည့်လျှင် စတင်တူးဖော်ရပြီးဖြစ်ကြောင်း၊ ရောင်းချရာ၌လည်း စျေးကွက်ဝင်အောင် လှပအောင် ရေအထပ်ထပ်ဆေးပြီးမှ ရောင်းချရကြောင်း ယခုနှစ်တွင် မုန်လာဥတစ်စည်းကို ၅၀၀ ကျပ်မှ ၇၀၀ ကျပ်ထိ ဥအကြီးအသေးအပေါ်မူတည်ပြီး ရောင်းချရကြောင်း တစ်နေ့လျှင် အစည်းတစ်ရာကျော်ထွက်၍ ရောင်းချငွေခြောက်သောင်းခန့်ရရှိသဖြင့် မိသားစုဝင်များအပိုဝင်ငွေရရှိကာ စီးပွားရေးအဆင်ပြေနေကြောင်း ဒေါ်စိုးစိုးအေးကပြောသည်။
မုန်လာဥကို အိမ်ရှင်မများကြိုက်နှစ်သက်၍ အမျိုးမျိုးချက်ပြုတ်စားသောက်ရကြောင်း အလှူပွဲများ၌လည်း မုန်လာဥပိုးတီ၊ မုန်လာဥချင်ဖတ်စသည်ဖြင့် ထည့်၍ကျွေးမွေး ဧည်ခံလေ့ရှိကြကြောင်း၊ မုန်လာပင်ကိုဥအပြင် အရွက်ကိုလည်းအချဥ်ထည့်၍စားသုံးကြကာ ကစီဓတ်ကြွယ်ဝသည့်အပြင် အာဟာရလည်း ပြည်စုံသဖြင့် ကြိုက်နှစ်သက်ကြပြီး ဆောင်းရာသီ ဓာတ်စာအဖြစ် စားသုံးသင့်ကြောင်း သိရသည်။
မိချို (ပြန်/ဆက်)