ဒဂုံမြောက် ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်၍ ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရေးအတွက် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မီးသတ်ဉီးစီးဌာနမှ မီးသတ်ဦးစီးမှူးဦးတင်ထွန်းအောင်နှင့်တပ်ဖွဲ့ဝင်များသည် မီးဘေးဆိုင်ရာအသိပညာပေးခြင်းနှင့် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်အတွင်း(၁၆)ရပ်ကွက်နှင့် (၂၉)ရပ်ကွက်တို့ရှိ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့် မီးသတ်ဆေးဘူးများ ထားရှိခြင်းရှိ/မရှိ၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျမီးငြှိမ်းသတ်ခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး နေအိမ်များတွင် ပေါက်ပြဲနေသောဝါယာကြိုးများရှိပါက အသစ်လဲလှယ်တပ်ဆင်ထားရန်၊ ဖယောင်းတိုင်မီး၊ အမွှေးတိုင်၊ ခြင်ဆေးခွေများအား မီးငြိမ်းသတ်ပြီးမှ အိပ်ရန်နှင့် မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြားကြရန်စသည့် မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များ အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)