မြစ်သား ဇန်နဝါရီ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မင်းကုန်းရပ်ကွက်နှင့်ရွှေသူဌေးရပ်ကွက်များသို့ ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးပြီး မီးလောင်မှုကြောင့် အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းကစတင်၍ တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ လိုက်လံကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ် ဦးစီးမှူး ဦးအောင်မင်းကျော် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများက မင်းကုန်းရပ်ကွက်နှင့် ရွှေသူဌေးရပ်ကွက်အတွင်းရှိ မီးဘေးလုံခြုံရေး တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေးခြင်း၊ မီးကြွင်း၊ မီးကျန်များငြှိမ်းသတ်ရန်၊ အုတ်ကန်ရေကန်များရေအပြည့် ထည့်ထားရန်၊ မီးချိတ်၊ မီးကပ်၊ သဲ၊ ရေပုံးများ၊ မီးသတ်ဆေးဘူးများ အသင့်ထားရှိရန်၊ ရှိ/မရှိကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ၊ လိုက်နာရမည့်အချက်များကို အသံချဲ့စက်မီးသတ်ကားဖြင့် လှည့်လည်ကာ မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်ခြင်းများ၊ ဇာတ်တိုက်လေ့ကျင့်ခန်းများကို ပြည်သူအကျိုးပြူလုပ်ငန်းများအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ် ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝင်းမင်းထွန်း (မြစ်သား)