မန်းရွှေစက်တော်ဘုရားကြီးတွင် တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ ဆောက်လုပ်လျက်ရှိပြီး ဘုရားဖူးများအား ညအိပ်တည်းခိုခွင့်ပြုမည်

မင်းဘူး ဇန်နဝါရီ  ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ ဘုရားဖူးလာရောက်ကြသူများ တည်းခိုနားနေနိုင်ရန် မန်းချောင်းသောင်ပြင်အတွင်း၌ တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ ဆောက်လုပ်လျက်ရှိပြီး ဘုရားပွဲတော်ကာလ ဘုရားဖူးများအား ညအိပ်တည်းခိုခွင့်ပြုမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

ဘုရားပရဝုဏ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများနှင့် တည်းဆောက်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများအားလုံး ဘုရားပွဲတော်ဖွင့်ပွဲမတိုင်မီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားရန် မှာကြားဆောင်ရွက်ခဲ့သည်။

“အနယ်နယ်အရပ်အရပ်က ဘုရားဖူး ရဟန်းရှင်လူ မိဘပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်ရင်း ညအိပ်တည်းခိုနားနေနိုင်စေဖို့ တည်းခိုဆောင်အခန်းပေါင်း (၁၀၀၀)ကျော်နဲ့ ဈေးဆိုင်ခန်းပေါင်း (၈၀၀)ခန့်ကို ဆောက်လုပ်လျက်ရှိပါတယ်။ လက်ရှိမှာတော့ နမ္မဒါတည်းခိုဆောင် (၁)နဲ့ (၂)အပါအဝင် သောင်ပြင်တစ်လျှောက် တည်းခိုဆောင်အခန်းပေါင်း (၅၀၀)ကျော်ကတော့ ဆောက်လုပ်ပြီးစီးနေပါပြီ။ ဈေးဆိုင်ခန်းတွေကိုတော့ ဖေဖော်ဝါရီလဆန်းပိုင်းမှာ အပြီးဆောက်လုပ်သွားမှာပါ။ တည်းခိုဆောင်ငှားရမ်းခ နှုန်းထားတွေကိုတော့ တစ်ရက်လျှင် အထူးခန်း (VIP)တည်းခိုဆောင် ပထမတန်းစား (ရေချိုးခန်းနှင့် Toilet အပါ) ရေစပ်(ကမ်းစပ်)တစ်ခန်းကို ငွေကျပ် ၁၀၀၀၀၀၊ ၈၀၀၀၀ နဲ့ ၅၀၀၀၀ ကျပ်နှုန်း၊ ရိုးရိုးတည်းခိုဆောင် ရေစပ်(ကမ်းစပ်)တစ်ခန်းကို ငွေကျပ် ၅၀၀၀၀ နှုန်းနဲ့ ရိုးရိုးတည်းခိုဆောင် (ကုန်းပေါ်)တစ်ခန်းကို ငွေကျပ် ၃၅၀၀၀ နှုန်းဆိုပြီး ညှိနှိုင်းသတ်မှတ်ပေးထားပါတယ်။ ဘုရားဖူးပြည်သူတွေ စိတ်အေးချမ်းသာစွာ တည်းခိုနားနေနိုင် စေဖို့အတွက် တည်းခိုဆောင် ငှားရမ်းခတွေကို သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံပါက တိုင်ကြားနိုင်သလို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်” ဟု မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောကြားခဲ့သည်။

မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်၊ တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ရက်ပေါင်း(၆၄)ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဘုရားဖူးများ သွားလာရေးအဆင်ပြေစေရန်အတွက် သောင်ပြင်အတွင်း၌ ယာယီဘေလီသံပေါင်တံတား (အထူးတံတား)တစ်စင်းကို ဆောက်လုပ်ပေးထားပြီး မင်ဘူး-ရွှေစက်တော်နှင့် တောင်ပေါ်-တောင်အောက် မော်တော်ယာဉ်လိုင်းများကိုလည်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးမိဘပြည်သူများအနေဖြင့် စိတ်အေးချမ်းသာစွာ ညအိပ်လာရောက်ဖူးမြော်လျက်ရှိပြီး ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းရှိ တည်းခိုဆောင်များတွင်လည်း ညအိပ်အပန်းဖြေ တည်းခိုးနားနေနိုင်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

မောင်မောင်(မင်းဘူး)