ကချင်ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဒုတိယနှစ် စက်ဝန်းလည်ပတ်နိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်းနှင့် သမဝါယမအသင်းများအတွက် မတည်ထုတ်ချေးငွေများလွှဲပြောင်းပေးအပ်

မြစ်ကြီးနား ဇန်နဝါရီ ၂၉

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးတို့အတွက် နိုင်ငံတော်မှ ရင်းနှီးလုပ်ကိုင်ဆောင်ရွက်နိုင်ရန် မတည်ရင်းနှီးပေးခဲ့သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံကို ပထမနှစ်စက်ဝန်းဖြင့် စီမံကိန်းလုပ်ငန်းများကို အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ ဒုတိယနှစ်စက်ဝန်းလည်ပတ်နိုင်ရေး ဇန်နဝါရီ ၂၉ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်းနှင့် သမဝါယမအသင်းများထံ မတည်ထုတ်ချေးငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်၏ အမျိုးသားရေးမူဝါဒ (၂)ရပ် ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေးဟူသော ရည်မှန်းချက်ပြည့်မီစေရေး အတွက် ကချင်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများဖြင့် အထောက်အပံ့ရရှိအောင် ကြိုးစားဆောင်ရွက်သည့်နေရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကို တစ်နှစ်တာကာလအတွင်း အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ယနေ့ ဒုတိယနှစ်စီမံကိန်း စက်ဝန်းရန်ပုံငွေကို ပြန်လည်ထုတ်ချေးပေးနိုင်တော့မည်ဖြစ်သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ စီမံ ကိန်းဆောင်ရွက်မည့်သူများ အနေဖြင့်လည်း ရရှိသည့် ရန်ပုံငွေများကို အကျိုးရှိထိရောက်စွာဖြင့် တိုးပွားအောင်မြင်အောင် ဆောင်ရွက်ကြရေးနှင့် သက်ဆိုင်ရာဌာနများအနေဖြင့်လည်း စီမံကိန်း Manual ပါလမ်းညွှန်ချက်များနှင့် အညီ စနစ်တကျ အကောင်အထည်ဖော်နိုင်ရေး စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲကြရန် အထူးအလေးထားတိုက်တွန်းလိုပါကြောင်း မှာကြားသည်။

ယင်းနောက် ဒုတိယနှစ်စက်ဝန်းအတွက် စီမံကိန်းရန်ပုံငွေများကို လွှဲပြောင်းပေးအပ်ရာ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က စိုက်ပျိုးရေးလုပ်ငန်း စီမံကိန်း (၈၈)ယူနစ်အတွက် ရန်ပုံငွေကျပ် (၄၀၃၀) သန်း၊ မွေးမြူရေးလုပ်ငန်းစီမံကိန်း (၁၆) ယူနစ်အတွက် ရန်ပုံငွေကျပ် (၈၄၀)သန်း၊ ငါးလုပ်ငန်း စီမံကိန်း (၄)ယူနစ်အတွက် ရန်ပုံငွေကျပ် (၁၃၀) သန်းနှင့် သမဝါယမအသင်းအဖွဲ့ (၅၀) အတွက် ရန်ပုံငွေကျပ် (၁၆၀၆ ဒဿမ ၄၀)သန်းတို့ဖြင့် စုစုပေါင်း လုပ်ငန်းစီမံကိန်း (၁၅၈)ယူနစ်အတွက် ရန်ပုံငွေကျပ် (၆၆၀၆ ဒဿမ ၄၀)သန်းကို တောင်သူများနှင့် ကျေးရွာကြီးကြပ်မှုကော်မတီအဖွဲ့ဝင် များထံ အသီးသီးမတည်လွှဲပြောင်းပေးအပ်ခဲ့ကြရာ “ဖြိုးဝေဝေ” စက္ကူနှင့် စာအုပ်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်မှ ဦးဘင်ဂျမင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် ကဏ္ဍများတွင် မတည်ရင်းနှီးပေးသည့် လုပ်ငန်းများဖြစ်သည့်အတွက် ဒုတိယနှစ်စက်ဝန်းတွင်လည်း အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ကချင်ပြည်နယ်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ မတည်ထုတ်ချေးပေးခဲ့ရာ စိုက်ပျိုးရေးလုပ်ငန်း စီမံကိန်း (၉၇)ခု၊ တောင်သူ (၆၇၅၇)ဦးတို့အတွက် ရန်ပုံငွေကျပ် (၄၃၆၀) သန်းကို လည်းကောင်း၊ မွေးမြူရေးလုပ်ငန်းစီမံကိန်း(၂၅)ခု၊ တောင်သူ (၁၉၃၂)ဦးတို့အတွက် ရန်ပုံငွေကျပ် (၁၁၃၄ ဒဿမ ၅၀၀)သန်းကို လည်းကောင်း၊ ငါးမွေးမြူရေးလုပ်ငန်းစီမံကိန်း (၉)ခု၊ တောင်သူ (၄၃၆)ဦးတို့အတွက် ရန်ပုံငွေကျပ် (၂၆၈) သန်းကို လည်းကောင်း၊ သမဝါယမလုပ်ငန်းများအတွက် စီမံကိန်း(၆၁)ခု၊ တောင်သူ (၃၄၅၂)ဦးတို့အတွက် ရန်ပုံငွေကျပ် (၂၂၃၇ ဒဿမ ၅၀၀)သန်းကို လည်းကောင်း လုပ်ထုံး လုပ်နည်းနှင့်အညီ မတည်ထုတ်ချေးပေးနိုင်ခဲ့သည့်အပြင် အတိုး/ အရင်း ရငွေများကိုလည်း ဇန်နဝါရီ ၁၀ ရက်နေ့တွင် အခမ်းအနားဖြင့် ပြန်လည်အပ်နှံပေးနိုင်ခဲ့ပြီဖြစ်သည်။

ထို့အတူ ယနေ့ အခမ်းအနားတွင် ဒုတိယနှစ်စက်ဝန်းအတွက် စီမံကိန်းလုပ်ငန်း (၁၅၈)ယူနစ်အတွက် ရန်ပုံငွေကျပ် (၆၆၀၆ ဒဿမ ၄၀) သန်းကို သက်ဆိုင်ရာ မြို့နယ်/ရပ်ကွက်/ကျေးရွာ စီမံကိန်းလုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များထံ လွှဲပြောင်းမတည်ပေးခဲ့ကြောင်းနှင့် ကျန်ရှိသည့် ရန်ပုံငွေများကိုလည်း ထပ်မံမတည်ထုတ်ချေးပေးနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)