မရမ်းကုန်း ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်) Drug Training Center တွင် ယနေ့နံနက် ၉ နာရီက မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအုန်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ဆက်လက်၍ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဦးစီးဌာနစခန်း(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ခင်ဆွေလှိုင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်လည်ထူထောင်ရေးသင်တန်းဆင်းပြီး နောက်ဆက်တွဲစောင့်ရှောက်မှုပေးရန် သွားရောက်ဆောင်ရွက်မည့်သင်တန်းသားများအတွက် ကျပ်(၁၂)သိန်း၊ စေတနာဝန်ထမ်း မူးယစ်ကြီးကြပ်ရေးအသင်းအဖွဲ့နှင့် မူးယစ်ပြန်လည်ထူထောင်ဆောင်ရွက်နေသော အရပ်ဘက်အဖွဲ့အစည်းများဖြစ်ကြသည့် မဲကနယ်ကယ်ဆယ်ရေးအသင်း၊ ရှင်သန်ခြင်းလူမှုကူညီရေးအသင်း(ကြည့်မြင့်တိုင်)၊ ရွှေရောင်သမိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းတို့ကို ကျပ်(၁၀)သိန်းစီဖြင့် တက်ရောက်လာသည့် တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် တိုင်းနှင့်ပြည်နယ်များမှ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း ၂၁ ဦးတက်ရောက်ပြီး သင်တန်းကာလကို ၂၉.၁.၂၀၂၄ မှ ၂.၂.၂၀၂၄ ရက်နေ့အထိ ၅ ရက်ကြာ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်မော် (ပြန်/ဆက်)