နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ပုဗ္ဗသီရိမြို့နယ်၊ ဈေးကုန်းကျောင်းတိုက်၌ ကျင်းပပြုလုပ်သည့် အသံမစဲဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနား တက်ရောက်ကြည်ညို

ပုဗ္ဗသီရိ ဇန်နဝါရီ ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ အသံမစဲဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျည်တောင်ကန်(၁)ရပ်ကွက်၊ ဈေးကုန်းကျောင်းတိုက်၌ ကျင်းပရာ ပုဗ္ဗသီရိမြို့နယ်၊  မြို့နယ်သံဃနာယကအဖွဲ့ဝင် တံခွန်တိုင်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တသောဘဏမဟာထေရ်မြတ် အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော် သာသနာရေးမှူး ဦးဆန်းထွန်းအောင်၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဧည့်ပရိတ်သတ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ပုဗ္ဗသီရိမြို့နယ်၊  မြို့နယ်သံဃနာယကအဖွဲ့ဝင် တံခွန်တိုင်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တသောဘဏမဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး ဆရာတော်ကြီးများထံ ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ်များ၊ နဝကမ္မအလှူငွေနှင့် ဥပ္ပါတသန္တိကျမ်းစာအုပ်များ အသီးသီးဆက်ကပ်ကြသည်။

ယင်းနောက် ပုဗ္ဗသီရိမြို့နယ်၊ မြို့နယ်သံဃနာယကအဖွဲ့ဝင် တံခွန်တိုင်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တသောဘဏမဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ပုဗ္ဗသီရိမြို့နယ်၌ အသံမစဲဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီလ(၂၉)ရက်နေ့မှ ဖေဖော်ဝါရီလ(၂) ရက်နေ့အထိ ငါးရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)