မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်းသို့ မီးဘေးအန္တရာယ် ကင်းဝေးစေရေးလိုက်လံအသိပေး နှိုးဆော်ခြင်းများဆောင်ရွက်

မင်္ဂလာတောင်ညွန့် ဇန်နဝါရီ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ ပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့်မီးဘေးအန္တရာယ်များကို ကြိုတင်၍ ကာကွယ်နိုင်ရန်အတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေးနှိုးဆော်မှုများကို ယမန်နေ့ ညပိုင်း ၈ နာရီက ရပ်ကွက်များအတွင်းသို့ မီးသတ်ယာဉ်ဖြင့်လှည့်လည်၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျ ငြိမ်းသတ်ပြီးမှ အိပ်ကြပါရန်၊ လျှပ်စစ်မီးအား သတိထားကိုင်တွယ်ကြရန်၊ တရားမဝင်လောင်စာဆီများ သိုလှောင်ခြင်း၊ ရောင်းချခြင်းများမပြုလုပ်ရန်၊ လမ်းသွားရင်း ဆေးလိပ်သောက်သုံးခြင်း မပြုလုပ်ရန်၊ မိမိတို့နေအိမ်ပတ်ဝန်းကျင်ရှိ ရေအိုး၊ ရေစည်များကို ရေဖြည့်ထားရှိရန်နှင့်အမှိုက်များ မီးရှို့လိုပါကလည်း မြို့နယ်မီးသတ်ဦးစီးဌာနထံသို့ သတင်းပေးပို့ဆောင်ရွက်သွားရန်တို့ကို ရပ်ကွက်လမ်းများတလျှောက် မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုမီးသတ်ဦးစီးမှူး ဦးသော်ခန့်ဝေ ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၄) ဦး တို့က ရပ်ကွက်များအတွင်းသို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်၍ မီးဘေးအန္တရာယ် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)