ဥတ္တရသီရိမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေး

ဥတ္တရသီရိ ဇန်နဝါရီ ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအား ပူပြင်းခြောက်သွေ့သောရာသီ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်လံစစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။                         

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ဥတ္တရခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်အောင်ထွန်းနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသက်နောင်တို့ ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်းရှိ မိုးစွေကျေးရွာနှင့် သရက်တောကျေးရွာအုပ်စု၊  စည်ပင်သာကျေးရွာများသို့ သွားရောက်ပြီး မီးဖိုအသုံးပြုသည့်နေအိမ်များ၊ အခြားမီးသုံးစွဲသည့် နေအိမ်များကို မီးများစနစ်တကျသုံးစွဲရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်ချက်များအား လိုက်လံစစ်ဆေး၍ မီးမလောင်ခင်ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မီးလောင်လျှင် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် မီးလောင်ပြီးဆောင်ရွက်ရမည့် နည်းလမ်းများကို လှည့်လည်အသိပညာပေးခြင်းနှင့် မီးဘေးလုံ​ခြုံရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)