မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးမှုကို ကျောက်ပန်းတောင်းမြို့တွင် သရုပ်ပြတွင်ဆောင်ရွက်

ကျောက်ပန်းတောင်း  ဇန်နဝါရီ  ၂၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အစီအစဉ်ဖြင့် မြန်မာအီလက်ထရောနစ် မဲပေးစနစ်ဖြင့် သရုပ်ပြစမ်းသပ် မဲပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စကားဝါမြေ ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာစကားပြောကြား၍ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သန်းက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)နှင့် စက်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများက မေးမြန်းသည်များကို ပြန်လည် ရှင်းလင်း ဖြေကြားသည်။ ယင်းနောက် တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ဆရာ/ဆရာမများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစနစ်ဖြင့် သရုပ်ပြစမ်းသပ် မဲပေးခြင်းကို လက်တွေ့စမ်းသပ်ဆောင်ရွက်စေပြီး၊ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်ကို လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သန်းနှင့် တာဝန်ရှိသူများ၊  မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးဇင်မောင်တို့က ရှင်းလင်းပြသကြသည်။ အဆိုပါ အီလက်ထရောနစ်မဲပေးစနစ်မှာ Internet , Wifi , Bluetooth စနစ်များ ပါဝင်ခြင်းမရှိ၊ ကွန်ပျူတာများကဲ့သို့ ဝင်းဒိုးစနစ်(OS) များမပါဝင်ကြောင်းနှင့် မိုက်ခရို ကွန်ထရိုလာစနစ်ဖြစ်သည့်အတွက် အလွန်ရိုးရှင်းပြီး လုံခြုံစိတ်ချရသော စနစ်ဖြစ်ကြောင်း၊ အလွယ်တကူရရှိနိုင်ခြင်းမရှိသော ကြိုးများကို အသုံးပြုထားခြင်း၊ မဲရုံတွင်း၌ အများမြင်သာသောနေရာ၌ တပ်ဆင်ထားရှိခြင်း၊ အသုံးပြုသော ခလုတ်များသည် အကြိမ် သန်း ၇၀ ခန့် နှိပ်၍ အသုံးပြုနိုင်သော ခလုတ်များဖြစ်ခြင်းကြောင့် မဲဆန္ဒရှင်ပြည်သူများအတွက် မဲလက်မှတ် လုံခြုံစိတ်ချရခြင်း၊ အချိန်ကုန်သက်သာခြင်းနှင့် တိကျမှန်ကန်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါ မြန်မာ အီလက်ထရောနစ် မဲပေးစက်(MEVM)ဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း အစီအစဉ်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ပညာရေးဌာနမှ ဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စုစုပေါင်း အင်အား (၂၆၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)