ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ စတင်ပေး

ကာမိုင်း အောက်တိုဘာ ၂၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိသူများ မဲစတင်ပေးခြင်းကို ယနေ့ နံနက် ၈ နာရီက ကျင်းပခဲ့သည်‌။

ထိုသို့ဆောင်ရွက်ရာ၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲအတွက် Stay At Home သတ်မှတ်ထားသည့် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် မဲရုံ (၈)ရုံ ရှိရာ အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ (၁၆၉၃)ဦရှိပြီး အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ရက်အထိ မဲပေးနိုင်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရပြီး၊  အသက်အရွယ်ကြီးရင့်သူ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲပေးနိုင်မည့်အခွင့်အရေး မဆုံးရှုံးစေရေးအတွက် မဲရုံးသို့လာရောက်မဲမပေးနိုင်သူများကို သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်တိုင်ရာရောက်သွားရောက်၍ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

ထို့နောက် ကြိုတင်ဆန္ဒမဲလာရောက်ပေးကြသူများကို နှာခေါင်းစည်းများဖြန့်ဝေပေးခြင်း၊ ကိုယ်ပူချိန်တိုင်းတာပေးခြင်း၊ ရေမလို လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်းနှင့် လူစုလူဝေးများ မဖြစ်စေရန် Social Distancing နှင့်အညီ ခပ်ခွာခွာနေထိုင်စေခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)