ကြည့်မြင်တိုင် ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်အတွင်းရှိပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးနှိုးဆောင်ခြင်းကို ယမန်နေ့ညနေ ၆း၃၀ အချိန်ကစ၍ လိုက်လံနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ဗဟန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် မိမိတို့နေအိမ်တွင်လူစောင့်မရှိဘဲ မီးဖိုများအသုံးမပြုကြရန်၊ မီးဘေးလုံခြုံရေးအတွက် ထမင်းဟင်းများချက်ပြုတ်သုံးစွဲပြီးပါက မီးကြွင်းမီးကျန်များမထားကြရန်၊ မီးလောင်လွယ်သောဓာတ်ငွေ့နှင့် သိုလှောင်ဆီများကို တရားမဝင်သိုလှောင်ရောင်းချခြင်း မပြုလုပ်ကြရန်၊ လျှပ်စစ်မီး၊ ဓာတ်ငွေ့မီးများနှင့်ချက်ပြုတ်သုံးစွဲပြီး လုပ်ငန်းများလုပ်ကိုင်ပြီးပါက ခလုတ်များ ပိတ်ထားကြရမည်ကို သတိပြုကြရန်၊ ခြင်ဆေးခွေ၊ ဖယောင်းတိုင်၊ အမွှေးတိုင်မီးများကို သေချာစွာငြှိမ်းသတ်ပြီးမှအိပ်ကြရန်၊ မီးသတ်ဆေးဘူးများထားရှိရန်၊ မီးချိတ်၊ မီးကတ်၊ ရေပုံး၊ သဲပုံးများထားရှိရန်နှင့် မီးလောင်မှုဖြစ်ပွားပါက အချိန်မီသတင်းပေးပို့ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့်အချက်များအား လိုက်လံနှိုးဆော်ပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ခြင်းကို မြို့နယ်အတွင်းရှိရပ်ကွက်များသို့ နေ့စဥ်လိုက်လံနှိုးဆော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကြည်ဇေသော်