တံတားဦး ဇန်နဝါရီ ၂၉
တံတားဦးခရိုင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ယမန်နေ့ညနေ(၃)နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ပြည်သူများ၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံအတွင်းရှိ ကုန်ထုတ်အရင်းအနှီးများ မီးဘေးအန္တရာယ်မှ လုံခြုံမှုရှိစေပြီး မီးလောင်ကျွမ်းမှုအကြိမ်နှင့် ဆုံးရှုံးမှုတန်ဖိုးများလျော့နည်းကျဆင်းစေရန်အတွက် မီးသတိမူရေး အသိပေးဆောဩခြင်းလုပ်ငန်းများနှင့် တစ်အိမ်တက် တစ်အိမ်ဆင်း မီးဘေးလုံခြုံရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သူအောင်နှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်များ ရပ်ကွက်များအတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းအချက်များဖြစ်သည့် နေအိမ်တိုင်းတွင် မီးချိတ်၊ မီးကတ်၊ သဲပုံး၊ ရေပုံးများထားရှိရေး၊ ရေအိုး၊ ရေကန်များတွင် ရေဖြည့်တင်းထားရှိရေး၊ မီးဖိုများ ကို ကာရံ အသုံးပြုရေး၊ ဝါး၊ ဓနိအိမ်များရှိ နေအိမ်များတွင် မီးဖိုများကို နေအိမ်နှင့် ဝေးကွာသည့်နေရာများတွင် အသုံးပြုရေး၊ မီးဖိုအနီးရှိ လောင်စာများ ရှင်းလင်းထားရှိရေး၊ မီးကြွင်း၊ မီးကျန်များ မရှိစေရေးအတွက် အထူးဂရုပြုအလေးထားဆောင်ရွက်ရန်၊ ဓာတ်ဆီ၊ လောင်စာဆီများ၊ ဒီဇယ်ဆီများနှင့် အရက်ဆီများကို တရားမဝင် ရောင်းဝယ်သိုလှောင်ခြင်းမပြုရေး၊ ဟောင်းနွမ်းဆွေးမြည့်နေသော လျှပ်စစ်မီးများ အသုံးမပြုရေး၊ ဘုရားများ ပူဇော်ရာတွင် မီးကူးစက်လောင်ကျွမ်းမှုမရှိရေးအတွက် အောက်ခံပစ္စည်းများ ထွန်းညှိပူဇော်ရေး၊ နေအိမ်ခြံဝန်းအတွင်း အမှိုက်သရိုက်များ ရှင်းလင်းထားရှိရေး၊ မီးအသုံးပြုသည့် စက်ရုံ၊ အလုပ်ရုံများတွင် လျှပ်စစ်မီးများကို အထူးဂရုပြုအလေးထားဆောင်ရွက်ရေး၊ လမ်းမကြီးနှင့် လမ်းသွယ်များတွင် ဖြတ်သန်းသွယ်တန်းထားရှိသော လျှပ်စစ်ကြိုးများ စက်မောင်းမီးကြိုးများနှင့် တယ်လီဖုန်းကြိုးများအား အမြင့် (၁၅)ပေအထိ မြှင့်တင်သွယ်တန်းထားရှိရေး၊ မီးကို သတ်မှတ်အချိန်တွင်း၌သာ အသုံးပြုရေး စသည့်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များတို့ကို လိုက်လံစစ်ဆေးနှိုးဆော်ဆောင်ရွက်ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)