ဒဂုံတောင် ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရေးအတွက် မီးဘေးဆိုင်ရာညွှန်ကြားချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အသိပေးနှိုးဆော်ခြင်းအား ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဝေဇင်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့ညပိုင်းက မီးသတ်ယာဉ်များဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် လှည့်လည်အသိပညာပေးနှိုးဆော်ကြသည်။
ထိုသို့ မီးဘေးအန္တရာယ် အသိပေးနှိုးဆော်ရာတွင် မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များဖြစ်သည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ၏ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့် မီးသတ်ဆေးဘူး စသည့် မီးဘေးကာကွယ်ရေး ပစ္စည်းများအားအသင့်ထားရှိရေး၊ မီးသုံးစွဲလျှင် အမြဲလူစောင့်ထားရှိပေးရန်၊ နေအိမ်များတွင် လောင်စာဆီများ သိုလှောင်ခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသော ဟောင်းနွမ်း လျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသောလျှပ်စစ်ပစ္စည်းများအား အသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျ မီးငြှိမ်းသတ်ကြရန်၊ ဖယောင်းတိုင်မီး၊ အမွှေးတိုင်၊ ခြင်ဆေးခွေများအား သေချာစွာ ဂရုပြုငြှိမ်းသတ်ထားကြရန်နှင့် မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြားကြရန် စသည်အချက်တို့အား အသိပညာပေးနှိုးဆော်ကြကြောင်း သိရသည်။
သန်းသန်းအေး