မန္တလေး ဇန်နဝါရီ ၂၉
ကျောင်းသား၊ကျောင်းသူများ စာပေဗဟုသုတရရှိစေရန်၊ မိမိတို့အားလပ်ချိန်ကို စာပေဖတ်ရှုခြင်းဖြင့် အသုံးချနိုင်စေရန်၊ စာအုပ်၊စာစောင်များကို အချိန်တိုအတွင်း လွယ်လင့်တကူ အဆင်ပြေစွာ ငှားရမ်းဖတ်ရှုနိုင်စေရန်၊ ကျောင်းသားလူငယ်မောင်မယ်များအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်စေရန်၊ စာပေဗဟုသုတနှင့်ပြည့်စုံသော နိုင်ငံ့သားကောင်းများဖြစ်လာစေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များတင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ပြည်ကြီးတံခွန်မြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ကျောင်းသူများအား သုတ/ရသ စာအုပ်စာစောင်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အစိုးရနည်းပညာအထက်တန်းကျောင်းရှိ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများအား ငှားရမ်း ဖတ်ရှုလိုသည့် သုတ၊ရသစာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ရာ တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေးခဲ့ပြီး စာပေဝါသနာရှင်များနှင့် စာဖတ်ပရိသတ်များ ငှားရမ်းဖတ်ရှုလိုပါက ခရိုင်ပြည်သူ့စာကြည့်တိုက်သို့လည်း မည်သူမဆို လာရောက်အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက် Mobile Library Bus တွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာ ဗဟုသုတများစွာရရှိမည့် သုတ/ရသစာအုပ် စာစောင်များ (၃၅၀၀)အုပ်ပါရှိပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို (၇)ရက်လျှင် တစ်ကြိမ်လဲလှယ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)