လှည်းကူးမြို့နယ်၌ ကြိုတင်ဆန္ဒမဲထည့်သွင်းခြင်းများ စတင် ဆောင်ရွက်

လှည်းကူး အောက်တိုဘာ ၂၉

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရန်ကုန် မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်တွင် ကြိုတင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၂၆၃၀၈)ဦးခန့်အား ကြိုတင်ဆန္ဒမဲ ထည့်သွင်းခြင်းကို ယနေ့ နံနက်(၉)နာရီမှစတင်ကာ ဆောင်ရွက်လျက်ရှိသည်။

လှည်းကူးမြို့နယ်တွင် မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၅၂)အုပ်စု၊ စုစုပေါင်း ရပ်ကွက်/ကျေးရွာ အုပ်စု(၅၇)အုပ်စုရှိရာ လှည်းကူးမြို့နယ်အတွင်း မဲရုံပေါင်း(၁၃၀)နှင့် မဲဆန္ဒရှင်ပေါင်း(၂၁၄၁၇၈)ဦးရှိပြီး ကြိုတင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၂၆၃၀၈)ဦးခန့်ရှိကြောင်း သိရသည်။

အဆိုပါ ကြိုတင်ဆန္ဒမဲကောက်ခံရာတွင် အသက်(၆၀)နှစ်အထက်သက်ကြီးရွယ်အိုများ၊ နာတာရှည် မနာမကျန်း လူနာများ၊ မသန်မစွမ်းလူနာများ၊ မီးဖွားနေသူများ စုစုပေါင်း လှည်းကူးမြို့နယ်အတွင်း ကြိုတင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ(၂၆၃၀၈)ဦးခန့်အား ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရန် ကြိုတင်မဲ လက်မှတ်များ ထည့်သွင်းနိုင်ရေးဆောင်ရွက်ရာတွင် ယာယီဖွင့်လှစ်ထားသည့် ကြိုတင်မဲရုံများတွင် မိမိကိုယ် တိုင်လာရောက်၍ ဆန္ဒမဲပေးနိုင်ပြီး၊ ကြိုတင်မဲရုံများ၌ ဆန္ဒမဲလာရောက်ထည့်သွင်းနိုင်ခြင်း မရှိသူများအတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များက အိမ်တိုင်ရာ ရောက်သွားရောက်၍ ကြိုတင်ဆန္ဒမဲပေးနိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိပြီး ကြိုတင်ဆန္ဒမဲပုံးများအား လုံခြုံရေးကြိုးဖြင့်ချိတ်ပိတ်ခြင်း၊ ကြိုတင်မဲလက်မှတ်များ စနစ်တကျထည့်သွင်းခြင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ မဲဆန္ဒရှင်များအတွက် ကြိုတင်ဆန္ဒမဲ စတင် ထည့်သွင်း ဆောင်ရွက်ခြင်းကို အောက်တိုဘာ(၂၉)ရက်နေ့မှ စတင်ကာ နိုဝင်ဘာ(၅)ရက်နေ့အထိ (၈)ရက်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)