မော်လမြိုင် ဇန်နဝါရီ ၂၉
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိခြင်းဖြင့် ရောဂါကင်းဝေး၍ သက်တမ်းစေ့နေထိုင်နိုင်စေရေး သက်ဆိုင်ရာပါမောက္ခ/ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ လိုအပ်သောကုသမှုများရရှိနိုင်စေရန် ရန်ကုန်/မန္တလေးမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးသို့ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိပါသည်။
ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ ဒုတိယအကြိမ်အဖြစ်ခုတင်(၅၅၀)ဆံ့ ကလေးဆေးရုံကြီး-ရန်ကုန်၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၊ မော်လမြိုင်တို့မှ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ရာ အဆိုပါ ခရီးစဉ်အတွင်း နှလုံးရောဂါဆိုင်ရာလူနာ(၉၂)ဦး၊ အစာအိမ်နှင့်အူလမ်းကြောင်း ဆိုင်ရာလူနာ(၇၈)ဦး၊ ဦးနှောက်နှင့်အာရုံကြောဆေးကုသမှုဆိုင်ရာလူနာ(၁၀၂)ဦး၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာလူနာ(၁၂)ဦး၊ အထွေထွေရောဂါဆေးပညာဆိုင်ရာလူနာ(၂၈၆)ဦး၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာလူနာ(၅၅)ဦး၊ ဆီးချိုနှင့်ဟော်မုန်းရောဂါဆိုင်ရာလူနာ(၂၆၀)ဦး၊ အရေပြားရောဂါဆိုင်ရာလူနာ(၉၁)ဦး၊ အသည်းဆေးကုသမှုဆိုင်ရာလူနာ(၅၃)ဦး၊ အရိုးအကြောအဆစ်ရောဂါလူနာ(၂၄၅)ဦး၊ ဆီးနှင့်ကျောက်ကပ်ဆေးကုသမှုဆိုင်ရာလူနာ(၄၁)ဦး၊ ကလေးနှလုံးရောဂါလူနာ(၃၈)ဦး၊ ကလေးလူနာ(၄၄)ဦး၊ သားဖွားမီးယပ်ရောဂါလူနာ(၂၄)ဦး၊ မျက်စိရောဂါလူနာ(၅၃)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာလူနာ(၁၀)ဦး၊ သွားနှင့်ခံတွင်းရောဂါလူနာ(၂၈)ဦး၊ စုစုပေါင်းဒေသခံပြည်သူ(၁၅၁၂)ဦးကို ကြည့်ရှုကုသမှုပေးနိုင်ခဲ့ပါသည်။
လာရောက်ပြသသော လူနာများတွင် မော်လမြိုင်မြို့သာမက မွန်ပြည်နယ်အတွင်းရှိ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံနှင့် ပေါင်မြို့များမှလည်းကောင်း၊ ကရင်ပြည်နယ်အတွင်းရှိ ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့တို့မှလည်းကောင်း၊ မြို့ပေါ်နှင့်ကျေးလက်နေပြည်သူများပါဝင်ပြီး ရောဂါရှာဖွေစမ်းသပ်မှုများအနေဖြင့် နှလုံးပုံရိပ်ဖော်စက်ဖြင့်ကြည့်ရှုခြင်း (Echocardiography)(၁၁၆)ဦး၊ အစာအိမ်နှင့်အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း(OGDS)(၁၃)ဦး၊ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း(Colonoscopy)(၂)ဦး၊ Rubber Band Ligation(၁)ဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့်စစ်ဆေးခြင်း(CT scan)(၁၈)ဦး၊ ဓာတ်မှန်ဖြင့်ရောဂါရှာဖွေခြင်း(၁၅၁)ဦး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း(၂၇၀)ဦး၊ Ultrasound ရိုက်ကူးခြင်း(၉၃)ဦးနှင့် နှလုံးစက်ဖြင့်စစ်ဆေးခြင်း(ECG)(၂၀၄)ဦးတို့အား စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပါသည်။ ထို့ပြင် လူနာ(၆)ဦးအား အတွင်းလူနာအဖြစ် ဆေးရုံတက်ရောက်ကုသမှုပေးခြင်းနှင့် လူနာ(၃၄)ဦးအား ခုတင်(၅၅၀)ဆံ့ ကလေးဆေးရုံကြီး-ရန်ကုန်၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်အဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၂၇)ရက်နေ့တွင် လာရောက်ပြသကုသမှုခံယူကြသော လူနာများအားကြည့်ရှုအားပေး၍ အာဟာရဒါနထမင်းဘူးများဝေငှပေးခဲ့ပြီး ပါမောက္ခ/အထူးကုဆရာဝန်ကြီးများအား တွေ့ဆုံနှုတ်ဆက်၍ ကျေးဇူးတင်စကားပြောကြားခြင်း၊ ဒေသထွက်လက်ဆောင်များပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးမြတ်သွင်သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၂၇)ရက်နေ့တွင် ပါမောက္ခ/အထူးကုဆရာဝန်ကြီးများအဖွဲ့နှင့် ညစာအတူသုံးဆောင်ခဲ့သည်။
အဆိုပါအထူးကုဆေးကုသရေးအဖွဲ့၏ ဆေးကုသမှုများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ကုသရေးဦးစီးဌာနက စီစဉ်ဆောင်ရွက်ခဲ့ပြီး အမျိုးသားသွေးဌာန၊ ရန်ကုန်မြို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင်နှင့်ကုသရေးဦးစီးဌာန၊ နေပြည်တော်မှ ညွှန်ကြားရေးမှူးဒေါက်တာဇင်မာစိုး၊ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးနှင့်အဖွဲ့၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ ဒေါက်တာမိသူဇာလှိုင်နှင့်အဖွဲ့၊ မော်လမြိုင်အမျိုးသမီးနှင့်ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာနိုင်ဦးနှင့်အဖွဲ့တို့က လိုအပ်သည်များ အနီးကပ်ပံ့ပိုးဆောင်ရွက်ခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၂၈)ရက်နေ့၊ ညနေ(၄:၀၀)နာရီတွင် မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အမျိုးသားသွေးဌာန၊ ရန်ကုန်မြို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်သီတာအောင်မှ “Health Talk Program on Awareness of Blood Safety”အကြောင်း ဆွေးနွေးပြောကြားခဲ့ရာ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မော်လမြိုင်မြို့၊ ခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးနှင့် ခုတင်(၂၀၀)ဆံ့အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတို့မှ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများနှင့် ပုဂ္ဂလိကဆေးရုံများမှ တာဝန်ခံဆရာဝန်များ တက်ရောက်ခဲ့ကြပါသည်။
ရန်ကုန်/မန္တလေး/နေပြည်တော်မှ အထူးကုသမှုဆိုင်ရာ(Super specialty) ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၏ အထူးကုကွင်းဆင်းကုသရေးခရီးစဉ်များကို ၂၀၂၃ ခုနှစ်အတွင်း (၁၅)ကြိမ် ဆောင်ရွက်ထားရှိပြီး ၂၀၂၄ ခုနှစ်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ သွားရောက်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းနှင့် ဆက်လက်၍ အခြားတိုင်ဒေသကြီး/ ပြည်နယ်များသို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ခင်စန်းမြင့်ပြန်/ဆက်