ပေါင် ဇန်နဝါရီ ၂၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ဟင်းသီးဟင်းရွက်သီးနှံတွင် ကျရောက်တတ်သော ပိုးမွှားရောဂါများအား ဆေးပက်ဖျန်းခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက သဲဖြူကုန်းကျေးရွာ ဟင်းသီးဟင်းရွက်စိုက်ခင်း၌ ပြုလုပ်ခဲ့သည်။
ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စွာလှိုင်က ဟင်းသီးဟင်းရွက်စိုက်ခင်းများအား GAP နည်းလမ်းဖြင့် စိုက်ပျိုးပါက တောင်သူများ၏ ဝင်ငွေတိုးပွားရေးကဏ္ဍ များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ GAP နည်းလမ်းအတိုင်း ဆောင်ရွက်မည်ဆိုပါက ဆောင်ရွက်ရမည့် အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်သီးနှံကာကွယ်ရေးဌာနခွဲ၊ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်သန်းသန်းလွင် က ဟင်းသီးဟင်းရွက်တွင်ကျရောက်တတ်သော ပိုးမွှားရောဂါများအား ကြိုတင်ကာကွယ် နှိမ်နှင်းခြင်းနှင့် ဆေးရွက်ကြီးဇီဝပိုးနှင်ဆေးရည်အား အချိုးကျကျဖော်စပ်အသုံးပြုနည်းကို လက်တွေ့ပြသခဲ့သည်။
ဆက်လက်၍ ပြည်နယ်မြေအသုံးချရေးဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မီမီအုန်းဝင်းမှ ဆောင်းသီးနှံငါးအမိုင်နိုအက်ဆစ် ပက်ဖျန်းခြင်းကွင်းသရုပ်ပြပွဲတို့အား ဆက်လက် ဆောင်ရွက်ခဲ့ရာ ကွင်းသရုပ်ပြပွဲတက်ရောက်လာသော တောင်သူ (၄၀) ဦးတို့အား ဆေးရွက်ကြီးဇီဝပိုးနှင်ဆေးရည် (၅) လီတာ (၁၀) ဘူး၊ ငရုတ်ဇီဝပိုးနှင်ဆေးရည် (၂) လီတာ (၁၀) ဘူး၊ ရွှေဇီဝပိုးနှင်ဆေး (၁) လီတာ (၁၀) ဘူး၊ ငါးအမိုင်နိုအက်ဆစ် (၅) လီတာ (၁၀) ဘူးတို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)