မိုင်းပန် အောက်တိုဘာ ၂၉
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မဲဆန္ဒနယ်အတွင်းတွင် ယနေ့ နံနက်ပိုင်းကစ၍ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် ကြိုတင်မဲများ စတင်ပေး နေပြီဖြစ်ကြောင်း သိရသည်။
အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲများကို အောက်တိုဘာလ (၂၉) ရက်ကစပြီး နို၀င်ဘာလ (၇) ရက်နေ့အထိ နေ့စဉ် မနက် (၈) နာရီမှ ညနေ (၆) နာရီအထိ အသက် ၆၀ နှစ်နဲ့အထက် ဆန္ဒမဲရှင်များနှင့် ကြိုတင်မဲပေးခွင့်ရှိသူများမှ သက်ဆိုင်ရာမဲရုံများသို့ သွားရောက်၍ ကြိုတင်မဲများ ပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။ ရွေးကောက်ပွဲနေ့မတိုင်ခင် သတ်မှတ်ထားသည့် ရက်အတွင်း ကြိုတင်မဲပေးခွင့်ရှိသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲနေ့တွင် ခရီးဝေးသွားရန်ရှိသော မဲဆန္ဒရှင်၊ တာဝန်အရ မဲဆန္ဒနယ်ပြင်ပသို့ ရောက်ရှိနေမည့် မဲဆန္ဒရှင် (နိုင်ငံ့ဝန်ထမ်း)၊ ရဲစခန်း (သို့မဟုတ်) အကျဉ်းစခန်းတွင် အချုပ်ခံနေရသူများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၊ ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသမှုခံယူနေရသူများ၊ အသက်အရွယ်ကြီး ရင့်သူများ၊ အနာကြီးရောဂါ ဖြစ်ပွားနေသူ၊ နေအိမ်တွင် ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရသူ၊ မီးဖွားနေသူ နှင့် မသန်စွမ်းသူများ စသည်တို့ ပါဝင်ကြောင်းနှင့် မဲရုံသို့ ကိုယ်တိုင်မလာရောက်နိုင်သည့် မဲဆန္ဒရှင်များအား အိမ်တိုင်ယာရောက် သွားရောက်၍ ကြိုတင်မဲပေးနိုင်ရေးအတွက် တာဝန်ရှိသူများမှ ဆောင်ရွက်သွား မည်ဖြစ် ကြောင်း သိရသည်။
ဆန်းမြင့်(ပြန်/ဆက်)