ရွှေပြည်သာ ဇန်နဝါရီ ၂၉
ပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပေးနှိုးဆော်မှုများကို ဆောင်ရွက်းပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ယမန်နေ့ညနေပိုင်းက ရပ်ကွက်များအတွင်း မီးငြှိမ်းသတ်ယာဉ်ဖြင့် လှည့်လည်၍ ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးကို ဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်းရှိ လမ်းများတွင် မီးသတ်ယာဉ်ဖြင့် လှည့်လည်၍ မီးဘေးအန္တရာယ်ကင်းဝေးစေရေး သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပေးနှိုးဆော်ဆောင်ရွက်ရာတွင်လည်း ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးခွေမီးနှင့် မီးဖိုအတွင်းရှိ မီးများကို စနစ်တကျ ငြှိမ်းသတ်ပြီးမှ အိပ်ကြပါရန်၊ လျှပ်စစ်မီးများ ကိုင်တွယ်သုံးစွဲရာတွင်လည်း သတိထား၍ကိုင်တွယ်ကြရန်၊ တရားမဝင်လောင်စာဆီများ သိုလှောင်ခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ရန်၊ လမ်းသွားရင်း ဆေးလိပ်သောက်သုံးခြင်း မပြုလုပ်ရန်၊ မိမိတို့နေအိမ်ပတ်ဝန်းကျင်ရှိ ရေအိုး၊ ရေစည်များကို ရေဖြည့်ထားရှိရန်နှင့် အမှိုက်များ မီးရှို့လိုပါကလည်း မြို့နယ်မီးသတ်ဦးစီးဌာနသို့ သတင်းပေးပို့ဆောင်ရွက်သွားကြရန်တို့ကို ရပ်ကွက်လမ်းများတလျှောက် မီးသတ်ကားဖြင့် လှည့်လည်ကာ လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အေးမိုး (ပြန်/ဆက်)