ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား ယခုလအတွင်း ဘုရားဖူးပြည်သူ တစ်သိန်းကျော် လာရောက်ဖူးမြော်ကြပြီး စနေ၊ တနင်္ဂနွေပိတ်ရက်များ၌ ဘုရားဖူးများဖြင့် ပိုမိုများပြားစည်ကား

ကျိုက်ထို ဇန်နဝါရီ ၂၉

မြန်မာနိုင်ငံတွင်သာမက ကမ္ဘာအရပ်ရပ်သို့ပင် ထင်ရှားကျော်ကြားသည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်မှ ဘုရားဖူးပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် နေ့စဉ်လာရောက်ဖူးမြော်နေကြပြီး ယခုလ (ဇန်ဝါရီလ) ၌ လာရောက်ဖူးမြော်မှု အများဆုံးဖြစ်ကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။

သီတင်းကျွတ်လပြည့်နေ့ကနေ ဇန်နဝါရီလ ၂၆ ရက်နေ့အထိပေါ့လေ ဘုရားဖူးနှစ်သိန်းကိုးသောင်းကျော်ရှိပါပြီ ပြည်ပဘုရားဖူးက ခြောက်ထောင်ငါးရာကျော် ရှိပါတယ်။ နိုင်ငံခြားသား ပြည်ပဘုရားဖူးတွေထဲမှာ ထိုင်းနိုင်ငံက အများဆုံးပါဘဲ။ ဒီနှစ်ဇန်နဝါရီလ တစ်လလုံးမှာ ဘုရားဖူးအများဆုံးလာကြတယ် တစ်သိန်းတစ်သောင်းကျော်ရှိပြီ။ နှစ်စဉ်ဒီလကတော့ ဘုရားဖူးများတဲ့ ကာလပါပဲ။ အခုလို စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာ အများဆုံးလာကြပါတယ် ဟု ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးတင်စိုးက ပြောသည်။

ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ၊ အန္တရာယ်ကင်းဝေးစေရန်နှင့် စိတ်ချမ်းမြေ့စွာ ဘုရားဖူးမြှော်နိုင်ရန်အတွက် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက လုံခြုံရေး၊ အခမဲ့တည်းခိုနေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း တောင်တက်မော်တော်ယာဉ် ၁၅၀ စီးကို နေ့စဉ်ပြေးဆွဲပေးနေပြီး သတ်မှတ်လူဦးရေနှင့် ယာဉ်စီးနင်းခများကိုလည်း သတ်မှတ်နှုန်းထားဖြင့် အလွယ်တကူ လိုက်ပါစီးနင်းနိုင်ရန်စီမံထားကြောင်း သိရသည်။

ဘုရားဖူးပြည်သူများ စည်ကားများပြားသည့်အတွက် ကျိုက်ထီးရိုး‌တောင်တော်တစ်လျှောက် အထင်ကရနေရာများဖြစ်သည့် မုဆိုးတောင်တော်၊ ကျီးကန်းပါးစပ်လိုဏ်ဂူတော်၊ ကျောက်ထပ်ကြီးစေတီတော်၊ ရေတံခွန် စသည့်နေရာများ၊ ရင်ပြင်တော် ဈေးဆိုင်တန်းတစ်လျှောက်ရှိ ထမင်းဆိုင်များ၊ အမှတ်တရအရောင်းဆိုင်များ၌ ဘုရားဖူးများဖြင့် စည်ကားနေသည့်အပြင် အခမဲ့နှင့် အခပေးတည်းခိုဆောင်များ၊ ရင်ပြင်တော်၌လည်း တည်းခိုနေထိုင်သူများပြားလျက်ရှိကြောင်း တွေ့ရသည်။

ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်မြတ်ကြီးတွင် ဇန်နဝါရီလ ၂၇ ရက်နှင့် ၂၈ ရက် (စနေ၊ တနင်္ဂနွေ) ပိတ်ရက်နှစ်ရက်၌ ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးလာ ပြည်သူစုစု‌ပေါင်း လေးသောင်းငါးထောင်ခန့် လာရောက်ဖူးမြော်ခဲ့ကြကြောင်း‌ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ မှတ်တမ်းအရ သိရသည်။

ကျိုက်ထို (ပြန်/ဆက်)