ပင်းတယ ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီ ငှက်ပျောတောရပ်ကွက်အတွင်း၌ ပင်းတယမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဖြစ်သည့် အဆောက်အအုံစာရင်း မှတ်တမ်းတင်ခြင်းလုပ်ငန်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ချို၏ ဦးဆောင်စီစဉ်မှုဖြင့် အဖွဲ့များခွဲ၍ ကောက်ယူလျက်ရှိကြောင်းနှင့် ထိုသို့ကွင်းဆင်း ဆောင်ရွက်နေမှုအခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ပင်းတယမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှဝန်ထမ်းများက ဇန်နဝါရီလ ၁၉ ရက်နေ့မှစတင် ဆောင်ရွက်လျက်ရှိပြီး ပင်းတယမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ အဆောက်အအုံများတွင် လူနေ၊ မနေ၊ ကျား၊ မ အရေအတွက်နှင့် အိမ်ထောင်ဦးစီးအမည်များကို ကွင်းဆင်းကောက်ယူလျက်ရှိရာ မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်အား ကောက်ယူပြီးစီးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့် ရပ်ကွက်/ကျေးရွာများအားဆက်လက်၍ ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)