လှည်းကူး ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရေးအတွက် မီးဘေးဆိုင်ရာညွှန်ကြားချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အသိပေးနှိုးဆော်ခြင်းအား လှည်းကူးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးယုလွင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဖောင်ကြီးနယ်မြေ မီးသတ်စခန်းမှ ဒုဦးစီးမှူးဦးဝဏ္ဏစိုးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒါးပိန်နယ်မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူးဦးအောင်သူရနှင့် မီးသတ်တပ်ဖွဲ့ဝင်များတို့က ယမန်နေ့ညပိုင်းက မီးသတ်ယာဉ်များဖြင့် လှည်းကူးမြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ ကျေးရွာများသို့သွားရောက်ပြီး လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ကြသည်။
အဆိုပါ မီးဘေးအန္တရာယ်အသိပေးနှိုးဆော်ရာတွင် မီးဘေးလုံခြုံရေးဆိုင်ရာညွှန်ကြားချက်များဖြစ်သည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ၏ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့် မီးသတ်ဆေးဘူး စသည့် မီးဘေးကာကွယ်ရေး ပစ္စည်းများအားအသင့်ထားရှိရေး၊ မီးသုံးစွဲလျှင် အမြဲလူစောင့်ထားရှိပေးရန်၊ နေအိမ်များတွင် လောင်စာဆီများ သိုလှောင်ခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသော ဟောင်းနွမ်း လျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသောလျှပ်စစ်ပစ္စည်းများအား အသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျမီးငြှိမ်းသတ်ကြရန်၊ ဖယောင်းတိုင်မီး၊ အမွှေးတိုင်၊ ခြင်ဆေးခွေများအား ငြှိမ်းသတ်ထားကြရန်နှင့် မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြားကြရန် စသည်အချက်တို့အား အသိပညာပေးနှိုးဆော်ကြကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)