ရန်ကုန် အောက်တိုဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန် ယနေ့ နံနက် ၉ နာရီက စတင်ပြီး သက်ဆိုင်ရာ ရပ်ကွက်များနှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများမှ တာဝန်ရှိသူများ လိုက်ပါ၍ အသက်(၆၀)နှစ် နှင့် အထက်ရှိသော နေအိမ်များသို့ အိမ်တိုင်ရာရောက်စနစ်ဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်များနှင့် ကျေးရွာ အုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ တာဝန်ရှိသူများသည် အသက်(၆၀) နှစ်နှင့် အထက် သက်ကြီးဘိုးဘွား မဲဆန္ဒရှင်များအား ကြိုတင်ဆန္ဒမဲကောက်ခံနိုင်ရန်အတွက် အိမ်တိုင်ရာ ရောက်စနစ်ဖြင့်လည်းကောင်း ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် လူကိုယ်တိုင် လာရောက် ဆန္ဒမဲပေးခြင်းဖြင့် လည်းကောင်း စီစဉ်ဆောင်ရွက်ထားရှိပေးပြီး ကြိုတင်ဆန္ဒမဲပုံးများ ကိုလည်း အထူးရဲတပ်ဖွဲ့ဖြင့် စနစ်တကျ စောင့်ကြည့် သိမ်းဆည်းထားကာ နိုဝင်ဘာလ(၈)ရက်နေ့ နံနက် မဲရုံများ ဖွင့်ချိန်မတိုင်မီ သက်ဆိုင်ရာသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဒလမြို့နယ်၌ အထွေထွေရွေးကောက်ပွဲတွင် မြို့ပေါ်ရှိရပ်ကွက်များနှင့် ကျေးရွာအုပ်စုများ၌ အသက်(၆၀) နှစ်နှင့် အထက် ကြိုတင်မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း ၁၄၉၈၄ ဦး ရှိကြောင်း၊ အဆိုပါ မဲဆန္ဒရှင်ပြည်သူများ အား အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်ပြီး နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်ရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)