ရန်ကင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်း တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး

ရန်ကင်း ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးပြီး မီးလောင်မှုကြောင့် ပြည်သူများအသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ ၁၂ နာရီက ဌာနဆိုင်ရာရုံးများနှင့်ဝန်ထမ်းအိမ်ရာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးထိန်လင်းက  ပြည်သူများအား မီးလောင်မှုဖြစ်ပွားနိုင်သည့် အခြေခံအကြောင်အရင်းများ၊  မီးလောင်မှုဖြစ်ပွားလာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို အသိပညာပေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထိန်လင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေး ဌာနဆိုင်ရာများ၊ ဝန်ထမ်းအိမ်ရာများသို့ တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေးခြင်း၊ ရေသိုလှောင်ထားရှိမှု၊ မီးချိတ်မီးကတ်နှင့် သဲပုံး၊ ရေပုံးများ အိမ်တိုင်းထားရှိရေး၊ နေအိမ်များတွင်ချက်ပြုတ်သည့် နေရာများစစ်ဆေး၍ လိုအပ်ချက်များ အကြုံပြုဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ လိုက်နာရမည့်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးဆော်သြခြင်းနှင့် ပြည်သူများပါဝင်သော မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းများကို ပြည်သူ့အကျိုးပြုလုပ်ငန်းများအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)