စစ်တွေ ဇန်နဝါရီ ၂၈
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ဆရာတော်ကြီးများအား သွားရောက်ဖူးမြော်ပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်ရှိ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မဟာဗောဓိ ဉာဏရာမ(ဂြစ်ချေ) ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကုမာရအား သွားရောက်ဖူးမြော်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်ရာ၌ ဆရာတော်ကြီးအား မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခြင်းခံရသည့်အတွက် ဂုဏ်ပြုဝမ်းမြောက်စကား လျှောက်ထားကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဓညဝတီ(က)ရပ်ကွက်ရှိ မင်းကျောင်းဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်းဆရာတော်ဘဒ္ဒန္တဉာဏဝရအား သွားရောက်ဖူးမြော်ပြီး လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်ရာ၌ ဆရာတော်ကြီးအား သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခြင်းခံရသည့်အတွက် ဂုဏ်ပြုဝမ်းမြောက် စကားလျှောက်ထားကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းကျောင်းဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)