လားရှိုး ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခေတ်မီဆန်းသစ်ပြီး လူငယ်များအတွက် အမှတ်တရဓာတ်ပုံရိုက်ခြင်း၊ စာဖတ်ခြင်းများဖြင့် အေးအေးဆေးဆေး အနားယူအပန်းဖြေနိုင်သည့် ကော်ဖီဆိုင်လေးများ ဖွင့်လှစ်မှုများရှိလာကြောင်း သိရသည်။
“အခုနောက်ပိုင်း လားရှိုးမြို့မှာ ကော်ဖီဆိုင်လေးတွေ ဖွင့်လှစ်မှုများလာတယ်။ ဖွင့်လှစ်လာတဲ့ ကော်ဖီ ဆိုင်တွေမှာ အပြင်အဆင်ကိုဦးစားပေးလာတယ်။ ဆိုင်ဒီဇိုင်းကို ဦးစားပေးပြီး လူငယ်ကြိုက်ခေတ်ဆန်ဆန် ဒီဇိုင်းလေးတွေနဲ့ ပြင်ဆင်ပြီးဖွင့်လာတာများတယ်။” ဟု ဒေသခံတစ်ဦးကဆိုသည်။
ဒီဇိုင်းဆန်းပြီး အပြင်အဆင်လှပသည့်ကော်ဖီဆိုင်များတွင် သွားရောက်၍ ကော်ဖီသောက်သုံးသူများအတွက် ကော်ဖီတစ်ခွက်ငါးထောင်ကျပ်ခန့်နှင့် မုန့်တစ်ခုခြောက်ထောင်ကျပ်မှ တစ်သောင်းကျပ်ခန့်ထိ ကျသင့်နိုင်ကြောင်း သိရသည်။
“ အခုလက်ရှိအချိန် လားရှိုးမှာ လူငယ်တော်တော်များများအပြင် ဒေသခံအများစုက အနားယူ အပန်းဖြေနိုင်ပြီး အလှဓာတ်ပုံလေးတွေ ရိုက်နိုင်တဲ့ကော်ဖီဆိုင်တွေကို ပိုသွားကြတယ်။ နေရာ ကျယ်ကျယ်ဝန်းဝန်းရှိတယ်။ ကားရပ်နားရတာ အဆင်ပြေတယ်ဆိုရင် တော်တော်များများ သွားထိုင်ကြတယ်။ တချို့ဆိုင်တွေဆိုရင် ကော်ဖီဝန်ဆောင်မှုထက် ဝင်ကြေးယူပြီးဖွင့်တဲ့ဆိုင်တွေလည်း ရှိပါတယ်။” ဟု လူငယ် တစ်ဦးကဆိုသည်။
လားရှိုးမြို့၌ ကော်ဖီဆိုင်အချို့သည့် မိမိဆိုင်သို့ လာရောက်သူများအား ဝင်ကြေးယူ၍ ဆိုင်ဖွင့်လှစ်မှုများရှိခဲ့ပြီး ကော်ဖီဆိုင်ဝန်းအတွင်းတွင် အလှဓါတ်ပုံရိုက်ကူးနိုင်ရန် ဒီဇိုင်းလှပသည့် အပြင်အဆင်များဖြင့် ဝန်ဆောင်မှုပေးထားကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)