စစ်တွေ ဇန်နဝါရီ ၂၈
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)၏ (၁၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဇော်ထွန်း ဦးဆောင်သော စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ဝင်ပုဂ္ဂိုလ်များသည် သက်ဆိုင်ရာဝတ်ရုံများကို ဝတ်ဆင်လျက် ကွန်ပျူတာတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမသို့ ရောကရှိကြပြီး နိုင်ငံတော်သီချင်းတီးလုံးကို ဖွင့်လှစ်သောအခါ ကြွရောက်လာသော ပရိတ်သတ်အားလုံးနှင့် ဘွဲ့ယူမည့်သူများ ငြိမ်သက်စွာမတ်တပ်ရပ်ကြသည်။
ထို့နောက်ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဇော်ထွန်းက ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပကြောင်းကြေညာပြီး ဘွဲ့ယူကြမည့်မောင်မယ်များ ကတိပြုကြသည်။ ဆက်လက်၍ သက်ဆိုင်ရာဌာနမှူးများက သက်ဆိုင်ရာဘွဲ့အသီးသီးတွင် (၂၀၂၃)ခုနှစ်အတွက် ကောင်းစွာပေါက် မြောက်အောင်မြင်ခဲ့ပြီဟု သက်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့နှင့်ပညာရေးအဖွဲ့က ကြေညာပြီးဖြစ်သော ဘွဲ့ယူမည့်သူများကို ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ထံမှောက်သို့ပို့ဆောင်၍ ဒုတိယ ပါမောက္ခချုပ်က သက်ဆိုင်ရာဘွဲ့အသီးသီးအတွက် ဘွဲ့လက်မှတ်များကိုပေးအပ်သည်။ ယင်းနောက် ဒုတိယပါမောက္ခချုပ်က အဝေးရောက် ဘွဲ့ယူသူပုဂ္ဂိုလ်များအား အခွင့်အာဏာအရ ဘွဲ့လက်မှတ်များကို ပေးအပ်ကြောင်းကြေညာကာ ဘွဲ့ရရှိသူများစာရင်းကို လက်မှတ်ရေးထိုးပြီး ဘွဲ့နှင်းသဘင်မိန့်ခွန်း အားပြောကြားသည်။
ထို့နောက် ဒုတိယပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်အခမ်းအနားရုပ်သိမ်းကြောင်းကြေညာပြီး ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ၊ ဌာနမှူးများ၊ တွဲ့ဘက်ပါမောက္ခ၊ ဌာနမှူးများ၊ ကထိက၊ ဌာနမှူး၊ လက်ထောက်ကထိက၊ ဌာနမှူး၊ နည်းပြ၊ ဌာနမှူး၊ ဌာနကြီးမှူး၊ ဘွဲ့ယူပြီးသူများ၊ ပရိတ်သတ်များက ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) (၁၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်တွင် ကွန်ပျူတာသိပ္ပံဘွဲ့၊ ကွန်ပျူတာနည်းပညာဘွဲ့နှင့် ဘွဲ့လွန်ကွန်ပျူတာသိပ္ပံဒီပလိုမာ ဘွဲ့ရရှိသူစုစုပေါင်း ၁၁၃ ဦးအား ဘွဲ့များအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)