မုဒုံ ဇန်နဝါရီ ၂၈
မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြို့မ(၄)ရပ်ကွက်ရှိ ဂျုံးဂျုံးကျတောရကျောင်းတိုက်အတွင်း၌ တည်ထားကိုးကွယ်မည့် “ငြိမ်းချမ်းအောင် ဆုတောင်းပြည့်” စေတီတော်ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့သည်။
ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအားစတင်ဖွင့်လှစ်ခဲ့ပြီး မွန်ပြည်နယ်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ဆရာတော် သံဃာတော်အရှင်သူမြတ်များတို့က ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ပေး၍ ဂျုံးဂျုံးကျတောရကျောင်းတိုက် ပဓာနနာယကဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကိတ္တိဝဏ္ဏမှ သြဝါဒစကားမြွက်ကြားသည်။
ထို့နောက် စေတီတည်ထားကိုးကွယ်မည့် မြေနေရာရှိ အရပ်ရှစ်မျက်နှာ၌ ဆရာတော်ကြီးများ၊ မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးမိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များတို့ကနေရာယူ၍ မင်္ဂလာအချိန်တွင် ပန္နတ်တော်တင်ပြီး အမွှေးနံ့သာရည်များပတ်ဖျန်းပေးကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု”သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)