တိုက်ကြီးမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့် သမဝါယမ အသင်းသား တောင်သူများအား သွင်းအားစုများပေးအပ်ပွဲကျင်းပ

တိုက်ကြီး ဇန်နဝါရီ  ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင်   နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးချေးငွေဖြင့် နွေစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများသို့  သွင်းအားစုများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်သမဝါယမဦးစီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ တိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြဝင်းက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်‌ဖြစ်သော နိုင်ငံ့စီးပွားရေးအခြေအနေကောင်းများ ဖန်တီးနိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုသည့် မူဝါဒနှင့်အညီ တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်ဦးချင်းဝင်ငွေ တိုးတက်စေရေးအတွက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေထူထောင်၍ လယ်ယာစိုက်ပျိုးသည့် တောင်သူများ အထွက်နှုန်းတိုးစေရေး၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မှီစေရေးအတွက် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအုန်းထွန်း၊ မြို့နယ်သမဝါယမအသင်းစုဒုဥက္ကဋ္ဌ ဦးစောလှိုင်၊ မြို့နယ်သမဝါယမအသင်းစု အုပ်ချုပ်မှုဒါရိုက်တာ ဦးကံချွန်နှင့်တာဝန်ရှိသူများက နွေစပါးစိုက်ပျိုးမည့် သမဝါယမအသင်း(၂၀)သင်း၊ အသင်းသားတောင်သူ(၁၇၆)ဦး၊ နွေစပါးစိုက်ဧက (၁၀၄၂)ဧကအတွက် ငွေကျပ်(၂၀၈၄) သိန်းနှင့်ညီမျှသော သွင်းအားစုများကို တောင်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)