ကလော ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် (၂၄)ကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီက ကလောမြို့ မြို့လယ်ဓမ္မရုံ၌ကျင်းပရာ ကလောတပ်နယ် ဗိုလ်ချုပ်ကျော်လင်းမောင်နှင့်အဖွဲ့ဝင်များ၊ ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးမြင့်နှင့်အဖွဲ့ဝင်များ၊ ကလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးငြိမ်းနှင့်အဖွဲ့ဝင်များ၊ ဒေသခံပြည်သူအလှူရှင်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားကို နမောဒဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ကလောမြို့ သာသနာ့ဝေပုလ္လဗောဓိကုန်း ပရိယတ္တိစာသင်တိုက် ဆရာတော် ဦးဥတ္တမာနန္ဒအား ဩကာသဖြင့်ကန်တော့၍ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ မြွက်ကြားခဲ့ပြီး ကလောမြို့ သာသနာ့ဝေပုလ္လဗောဓိကုန်း ပရိယတ္တိစာသင်တိုက် ဆရာတော်က ဆွမ်းဆန်စိမ်း လောင်းလှူရခြင်းအတွက် အနုမောဒနာ တရားချီးမြှင့်ခဲ့သည်။ ထို့နောက်ကလောတပ်နယ် ဗိုလ်ချုပ်ကျော်လင်းမောင်၊ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများက ကလောမြို့ပေါ်ရှိ သံဃာတော် ၇၀၄ ပါးနှင့် သီလရှင် ၁၀၂ ပါးစုစုပေါင်း ၈၀၆ ပါးတို့အတွက် တစ်ပါးကို ၁၃ ပြည်နှုန်းဖြင့် ဆွမ်းဆန်စိမ်းအိပ် ၄၃၅ အိပ်နှင့် နှင့်အခြားလှူဖွယ်ပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်ထံမှ ရေစက်ချတရားနာယူ၍ လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)