လွိုင်လင် ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့မီးသတ်ဦးစီးဌာနတွင် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၀၂၄)ဆင်းပွဲကို ယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကံစောလှိုင်တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။
ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၀၂၄)သို့တက်ရောက်ခဲ့သည့် သင်တန်းသားများကို ဇန်နဝါရီလ ၁၅ ရက်နေ့မှ ယနေ့အထိ စာတွေ့လက်တွေ့သင်ကြားခဲ့ပြီးဖြစ်၍ သင်တန်းကရရှိခဲ့သည့် အတွေ့အကြုံများကို စဉ်ဆက်မပြတ်လေ့လာ လေ့ကျင့်နေရမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်နှင့်ကြုံတွေ့လာပါက နည်းစနစ်ကျကျ လက်တွေ့အသုံးချပြီးရှာဖွေကယ်ကယ်ဆယ်ရေးလုပ်ငန်းများ စွမ်းစွမ်းတမံ ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့အပြင်မီးသတ်တပ်ဖွဲ့ဌာနချုပ်ကျင်းပပြုလုပ်လေ့ရှိသည့် Brave Heart (၂)ယောက်တွဲနှင့် Emergency Medical Services (EMS) (၅)ယောက်တွဲ ရှာဖွေကယ်ဆယ်ရေးသရုပ်ပြစွမ်းရည်ပြိုင်ပွဲများတွင်လည်း ပြည်နယ်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အမြဲတမ်းလေ့ကျင့်မှုများကို ဆောင်ရွက်ကြရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက် ရှာဖွေကယ်ဆယ်ရေးနည်းပြတစ်ဦးအား ခရိုင်ဥက္ကဋ္ဌက ဂုဏ်ပြုဆုငွေနှင့် ရှာဖွေကယ်ဆယ်ရေးဝတ်စုံကိုလည်းကောင်း၊ ကြက်ခြေနီနည်းပြတစ်ဦးအား ခရိုင်ရဲတပ်ဖွဲ့မှူးက ဂုဏ်ပြုဆုငွေနှင့်ရှာဖွေကယ်ဆယ်ရေးဝတ်စုံကိုလည်းကောင်း၊ ခရိုင်မီးသတ်ဦးစီးမှူးက အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးအား ရှာဖွေကယ်ဆယ်ရေးဝတ်စုံကိုလည်းကောင်း အသီးသီးပေးအပ်ပြီးနောက် သင်တန်းဆင်းပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါသင်တန်းဆင်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများနှင့် သင်တန်းသားများတက်ရောက်ကြကြောင်း သိရသည်။
လွိုင်လင်မိုး